မြို့တစ်မြို့ရဲ့တကယ့်အလှတရား အစစ်အမှန်ကို ကားပေါ်က ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ မြို့တစ်မြို့ကို သွားရောက်လည်ပတ်တဲ့အခါ လူစည်ကားတဲ့ လမ်းမကြီးတွေ ၊ ရှော့ပင်ထွက်စရာ ဈေးဆိုင်တန်းတွေ ၊ စားသောက်ဆိုင်တွေနဲ့ အထင်ကရ နေရာတွေကို လမ်းလျှောက် ရင်း လည်ပတ်မှသာ အဲ့ဒီမြို့ရဲ့ မြို့ပြ အလှတရားစစ်စစ်ကို လက်တွေ့ မြင်တွေ့ ခံစားနိုင်မှာ ဖြစ်ပါတယ်။ လမ်းလျှောက်တာက အကုန်အကျသက်သာတဲ့ ခရီး သွားနည်းတစ်ခုဖြစ်သလို ကျန်းမာရေးအရ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ရာလည်း ရောက်တာကြောင့် ကွီးတို့အတွက် လမ်းလျောက်  ထွက်လို့ကောင်းတဲ့ ကမ္ဘာတဝှမ်းက မြို့ကြီး ၅ မြို့အကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) ပဲရစ်မြို့

လမ်းလျှောက် မြို့ကြီး

Photo : Conde Nast Traveler

City Of Lights လို့တင်စားခေါ်ကြတဲ့ ပဲရစ်မြို့ဟာ ဥရောပရဲ့ အကြီးဆုံး မြို့ကြီးတွေထဲက တစ်မြို့ ဖြစ်ပါတယ်။ နာမည်ကြီး စာရေးဆရာ ၊ ပန်းချီဆရာတွေနဲ့ ကမ္ဘာကျော်ထိပ်တန်း ဖက်ရှင် အမှတ်တံဆိပ်တွေ ၊ အကျော်ကြားဆုံး အကောင်းစား ရေမွှေးတွေ ထွက်ရှိရာ ပဲရစ်မြို့ကို ကမ္ဘာပေါ်က အနုပညာအဆန်ဆုံး မြို့လေးတစ်မြို့လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ပဲရစ်မြို့ဟာ တစ်နေရာနဲ့ တစ်နေရာ သိပ်မဝေးပဲ လမ်းလျှောက် သွားရုံနဲ့ ရောက်နိုင်ပြီး လှပတဲ့ လမ်းမကြီးတွေ ၊ ဖက်ရှင်ဆိုင်တန်းတွေ ၊ ပန်းခြံနဲ့ လည်ပတ်စရာနေရာတွေ အများအပြား ရှိပါတယ်။ သက်တောင့်သက်သာရှိတဲ့ အဆင့်မြင့် မြေအောက်မီးရထား ပို့ဆောင်ရေးစနစ်တွေကို အသုံးပြုနိုင်ပေမယ့် ပဲရစ်မြို့ကိုရောက်ရင် အနည်းဆုံးတစ်ကြိမ်တော့ လမ်းလျှောက်ရင်း မြို့ပြရဲ့အလှတရားကို ခံစားကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၂) ဗန်ကူးဗားမြို့

လမ်းလျှောက် မြို့ကြီး

Photo : Hotels.com Singapore

ဗန်ကူးဗားမြို့ဟာ ကနေဒါနိုင်ငံထဲက အထင်ရှားဆုံးနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်အလည်ပတ်ဆုံး မြို့ကြီး တစ်မြို့ ဖြစ်ပါတယ်။ ဗန်ကူးဗားမြို့မှာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဆုံးဖြစ်တဲ့ Capilano ကြိုးတံတား ပန်းခြံ ၊ Grouse တောင်တန်း ၊ Stanley ပန်းခြံ ၊ Kitsilano သောင်ပြင်နဲ့ ထူးထူးခြားခြား လည်ပတ်စရာနေရာတွေ များစွာရှိပါတယ်။ သမိုင်းဝင် ဗိသုကာလက်ရာ အဆောက်အဦးတွေ ၊ မီးရောင်စုံ ထွန်းညှိထားတဲ့လှပတဲ့ လမ်းမကြီးတွေ ၊ ဈေးဝယ်ထွက်စရာ စတိုးဆိုင်ကြီးတွေ ၊ အနားယူအပန်းဖြေစရာ ပန်းခြံတွေနဲ့ ပြည့်နှက်နေတဲ့ ဗန်ကူးဗားမြို့ရဲ့ မြို့ပြအလှကိုလည်း လမ်းလျှောက်ရင်း တဝကြီးခံစားလို့ ရနိုင်ပါတယ်။ ၅ မိနစ်လောက် လမ်းလျှောက် ရုံနဲ့ နေရာတိုင်းမှာ စားသောက်ဆိုင်တွေ ၊ ဘားနဲ့ ကော်ဖီဆိုင်တွေ ၊ ဖက်ရှင်ဆိုင်တွေ တန်းစီးပြီး စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ထားပါတယ်။

(၃) နယူးယောက်မြို့

လမ်းလျှောက် မြို့ကြီး

Photo : Conde Nast Traveler

နယူးယောက်မြို့ကိုတော့ ပျော်ရွှင်စရာတွေ ပေါင်းစုံတဲ့ နိဗ္ဗာန်ငယ်လေးတစ်ခုလို့ တင်စားကြပါတယ်။ နောက်ဆုံးပေါ် ခေတ်မှီဖက်ရှင်တွေကစလို့ ရုပ်ရှင်/ဂီတ အနုပညာသမားတွေ ၊ ယဉ်ကျေးမှု အမွေအနှစ်တွေ ၊ ၂၄ နာရီစည်ကားနေတဲ့ လမ်းမကြီးတွေ ၊ ပါတီတွေ ၊ အမိုက်စား Nightlife အတွေ့အကြုံတွေနဲ့ ပျော်စရာအကောင်းဆုံး မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ ရပ်ကွက်တစ်ခုစီတိုင်းမှာ စားသောက်ဆိုင်တွေ ၊ နာမည် ကြီး ဖက်ရှင်ဆိုင်တွေ ၊ ကျောင်းနဲ့ဆေးရုံတွေ ရှိကြပြီး တစ်နေရာနဲ့တစ်နေရာ ဘလောက်အနည်းငယ်ထက်ပိုပြီး လမ်းလျှောက်သွားစရာမလိုအောင် နီးပါတယ်။ မြို့လည်ခေါင် Central Park ကနေ နယူးယောက်မြို့ရဲ့တောင်ဘက်စွန်းထိကို မိနစ် ၉၀ လောက် လမ်းလျှောက် သွားရင်ပဲ ရောက်နိုင်ပါတယ်။

(၄) မင်နီယာပိုလစ်မြို့

လမ်းလျှောက် မြို့ကြီး

Photo : Student Loan Hero

လမ်းလျှောက် လည်ပတ်လို့ကောင်းတဲ့ နောက်ထပ်မြို့တစ်မြို့ကတော့ အမေရိကန်နိုင်ငံတွင်းက မင်နီယာပိုလစ်မြို့ပဲ ဖြစ်ပါတယ်။ ဒီမြို့လေးဟာ ရေကန်တွေ ၊ မြစ်တွေနဲ့ ဝန်းရံထားတဲ့ အေးချမ်းသာယာတဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။ အနုပညာခံစားတက်သူတွေ အနေနဲ့တော့ မင်နီယာပိုလစ်မြို့ကို ရောက်တဲ့အခါ Minneapolis Sculpture Garden နဲ့ Walker Art Center တို့လိုနေရာတွေကို မဖြစ်မနေသွားရောက်လည် ပတ်သင့်ပါတယ်။ Lyn-Lake ၊ Uptown ၊ Lowry Hill East နဲ့ Whittier တို့လို လမ်းလျှောက်လည်ပတ်စရာ လှပတဲ့ရပ်ကွက်များစွာလည်း ရှိပါတယ်။ ဆောင်းရာသီကာလအတွင်းမှာတော့ ရာသီဥတုအနည်းငယ်ဆိုးရွားတက်တာကြောင့် အကယ်၍ဆောင်းကာလမှာ မင်နီယာပိုလစ်မြို့ကို သွားဖြစ်ခဲ့မယ်ဆိုရင် Public Transportation တွေသုံးတာက ပိုပြီးလုံခြုံစိတ်ချမှုရှိစေမှာ ဖြစ်ပါတယ်။

(၅) ဆန်ဖရန်စစ္စကိုမြို့

လမ်းလျှောက် မြို့ကြီး
Photo : IOA Blog – Institute on Aging

ဆန်ဖရန်စစ္စကိုမြို့ကို အထင်ကရ Golden Gate တံတားကြီးနဲ့ တွဲပြီး လူသိများပါတယ်။ ဒီမြို့မှာ လည်ပတ်စရာ သမိုင်းဝင်နေရာတွေ ၊ အနားယူအပန်းဖြေစရာ ပန်းခြံတွေ ၊ အဆင့်တန်းမြင့် စားသောက်ဆိုင် ၊ ဈေးကြီးဖက်ရှင် အမှတ်တံဆိပ်ဆိုင်တွေ ၊ မျက်စိတဆုံးလှပတဲ့ ကုန်းမြင့် လမ်းမကြီးတွေနဲ့ အမြဲတမ်းလူစည်းကားနေတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမြို့ကို သွားရောက်လည်ပတ်မယ်ဆိုရင် Union Square ၊ PIER 39 ၊ Fisherman’s Wharf နဲ့ ဟောလိဝုဒ်ဓာတ်ရှင်တွေမှာ မကြာခဏ မြင်တွေ့နေရတဲ့ The Painted Ladies စတဲ့ နေရာတွေကိုတော့ မဖြစ်မနေသွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။ ဆန်ဖရန်စစ္စကိုမြို့တွင်းမှာ မြို့ပြရဲ့အလှတရားကို ခြေလျှင် လမ်းလျှောက် လည်ပတ်ရင်း ခံစားနိုင်သလို မြို့တွင်းက သမိုင်းဝင် Cable Car လေးစီးပြီးလည်း လမ်းတစ်လျှောက် သာယာလှပသော မြို့ရှုခင်းအလှကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : Wikipedia