အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ နိုင်ငံခြားသား ခရီးသွားတွေရဲ့ မျက်စိအကျဆုံး လည်ပတ်စရာ နိုင်ငံတစ်ခုကတော့ လာအိုပါ။ လာအိုနိုင်ငံမှာ ရှေးဟောင်း ဘုရားကျောင်းဆောင်တွေ ၊ လိုဏ်ဂူတွေ ၊ စိမ်းစိုတဲ့ တောတောင်ရေမြေသဘာဝနေရာတွေ ၊ ရင်သပ်ရှုမောဖွယ် ရေတံခွန်တွေ ၊ တောင်တန်းတွေနဲ့ မြို့ပြရဲ့ လည်ပတ်စရာ နေရာတွေ အများကြီး ရှိတဲ့အတွက် အားလပ်ရက်ကို အချိန်ဖြုန်းဖို့ အသင့်တော်ဆုံး နိုင်ငံဖြစ်ပါတယ်။ ရာသီဥတုအခြေအနေက တစ်နှစ်ပတ်လုံး အပူပိုင်းဒေသဖြစ်တာကြောင့်လည်း လာအိုနိုင်ငံကို အချိန်မရွေး သွားရောက်လည်ပတ်လို့ အဆင်ပြေပါတယ်။ နောက်ပြီး နိုဝင်ဘာလကနေ ဇန်နဝါရီလကြား ကာလဟာ မြစ်ရေမြင့်တက်ချိန်ဖြစ်တာကြောင့် အပျော်စီးသင်္ဘော စီးနင်းလည်ပတ်နိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ လာအို နိုင်ငံ သွားရောက်လည်ပတ်တဲ့အခါ သေချာပေါက်ရောက်အောင်သွားသင့်တဲ့ အကောင်းဆုံးနေရာအချို့ကို ညွှန်းပြပေးချင်ပါတယ်။

(၁) Luang Prabang မြို့

Luang Prabang

Photo : Travel Triangle

လာအို နိုင်ငံအတွင်းက ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နေရာတွေထဲက တစ်ခုကတော့ Luang Prabang မြို့ပါပဲ။ Luang Prabang မြို့ဟာ လာအိုနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ ရှေးဟောင်း မြို့တော်တစ်ခု ဖြစ်ပါတယ်။ ရှေးဟောင်း ဘုရားကျောင်းဆောင်တွေ ၊ နန်းတော်ပြတိုက်နေရာတွေ ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေနဲ့ ဒေသတွင်း အစားအသောက်မျိုးစုံ ရောင်းချတဲ့ စားသောက်ဆိုင်တွေ အများကြီး ရှိပါတယ်။ မြို့တော်ရဲ့ ရင်သပ်ရှုဖွယ်ရာ ရှုခင်းတွေကို စက်ဘီးလေးနဲ့ မြို့တစ်ပတ် သွားရောက် စူးစမ်းလေ့လာနိုင်ပါတယ်။

ပြင်သစ်ကိုလိုနီခေတ် အဆောက်အဦးတွေ ၊ လာအိုမြောက်ပိုင်းမှာနေထိုင်တဲ့ ရှေးခေတ်လူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ခင်းကျင်းပြသထားတဲ့ ပြတိုက်တွေလည်း ရှိပြီး Luang Prabang မြို့ အလယ်ဗဟို မဲခေါင်မြစ်ဝှမ်းတလျှောက်က သဘာဝရှုခင်းတွေကိုလည်း သွားရောက်ကြည့်ရှု အပန်းဖြေနိုင်ပါတယ်။ မီးရောင်စုံနဲ့ စည်းကားလှတဲ့ မြို့ပြညဈေးတန်းဟာလည်း နိုင်ငံခြားခရီးသွားတွေအတွက်တော့ သေချာပေါက် အရောက်သွားသင့်တဲ့ နေရာတွေထဲကတစ်ခုပဲ ဖြစ်ပါတယ်။

(၂) Kuang Si ရေတံခွန်

Kuang Si Waterfall

Photo : Travel Triangle

ဟန်းနီးမွန်းထွက်ချင်တဲ့ ကြင်စဦးဇနီးမောင်နှံတို့အတွက်ဆိုရင် လာအို နိုင်ငံမှာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာတွေ အများကြီး ရှိပါတယ်။ ဒီထဲမှာတော့ လှပတဲ့ သဘာဝရှုခင်းတွေနဲ့ အေးချမ်းမှုကို ဆောင်ကျဉ်းပေမယ့် ရေတံခွန်တွေက စဉ်းစားစရာ တစ်ခုပါ။ လာအိုနိုင်ငံမှာ သိပ်ကိုလှတဲ့ ရေတံခွန်တွေ အများကြီး ရှိပြီး ဒီထဲမှာ သေချာပေါက်သွားသင့်တဲ့ နေရာတစ်ခုကတော့ Kuang Si ရေတံခွန်ပဲ ဖြစ်ပါတယ်။ Kuang Si ရေတံခွန်ဟာ ထူးခြားလှတဲ့ စိမ်းပြာရောင်ရေတွေနဲ့ မှော်ဆန်တယ်လို့ ပြောရလောက်တဲ့အထိ ရင်သပ်ရှုဖွယ် ထူးခြားလှပတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

(၃) မြို့တော် Vientiane

Vientiane

Photo : Travel Triangle

လာအို နိုင်ငံရဲ့ မြို့တော် Vientiane ကတော့ အခြားနိုင်ငံတွေရဲ့ မြို့တော်ကြီးတွေနဲ့ မတူပဲ တမူထူးခြား ကွဲပြားနေပါတယ်။ သဘာဝတရားနဲ့ နီးနီးကပ်ကပ် နေချင်ပြီး မြို့ပြရဲ့ အငွေ့အသက်တွေကိုလည်း ခံစားချင်သူတွေအတွက် နေရာကောင်းတစ်ခုပါ။ ရှေးခေတ် အဆောက်အဦးတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမကြီးတွေ ၊ ထူးခြားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ ၊ မြို့တော်အတွင်းက အနောက် တိုင်း အစားအစာတွေကို ဝန်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်ကြီးတွေနဲ့ လည်ပတ်စရာ နေရာကောင်းတွေလည်းများစွာ ရှိပါတယ်။

(၄) Nong Kiau ရွာ

Nong Kiau

Photo : Travel Triangle

Nong Kiau ရွာလေးကတော့ နိုင်ငံခြား ခရီးသွားတွေကြားမှာ အရမ်းကို နာမည်ကြီးတဲ့ လာအို နိုင်ငံမြောက်ပိုင်း လွမ်ပရာဘန်းခရိုင် ၊ နမ့်အူမြစ်ပေါ်မှာ ခရီးသွားလှေတွေနဲ့ သွားလာလှုပ်ရှားကြတဲ့ ထူးခြားတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ Luang Prabang မြို့ကနေ နာရီအနည်းငယ်သာ ကားစီးရပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဘုံဗိမာန်ငယ်လေးတစ်ခု ဖြစ်ပါတယ်။ Nong Kiau ရွာလေးမှာ ဝေဟင်စွန့်စားခန်းတွေ ၊ တောင်တက်ခရီးစဉ်တွေ ၊ လှေစီးတာတွေ စတဲ့ စွန့်စွန့်စားစား လှုပ်ရှားမှုတွေကို အများကြီး လုပ်ဆောင်နိုင်ပြီး အနားယူအပန်းဖြေလို့ကောင်းတဲ့ စိုးစိမ်အေးချမ်းသာယာတဲ့ Nature Park ကိုလည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

(၅) Tham KongLo လှိုဏ်ဂူ

Tham KongLo

Photo : Travel Triangle

Konglor Caves လို့လည်း လူသိများကြတဲ့ ဒီလျှို့ဝှက်ဆန်းတဲ့ လှိုဏ်ဂူဟာ လာအိုနိုင်ငံ အလယ်ပိုင်းမှာ တည်ရှိပါတယ်။ Tham KongLo လှိုဏ်ဂူဟာ ထုံးကျောက်လှိုဏ်ဂူ တစ်ခုဖြစ်ပြီး အမြင့်ပေ ၃၀၀ မြင့်တဲ့ မျက်နှာကျက်တွေနဲ့ ဂူကိုဖြတ်သန်းစီးဆင်းနေတဲ့ နမ့်ဟင်ဘွန်းမြစ်ဟာလည်း နိုင်ငံခြားခရီးသွားတွေအတွက် အင်မတန် စွဲဆောင်စရာတစ်ခု ဖြစ်နေပါတယ်။ ခရီးသွားတွေအနေနဲ့ မြစ်ရေမြင့်တက်နေချိန်မှာ လှိုဏ်ဂူထဲကို လှေတွေနဲ့ ဝင်ရောက်လည်ပတ် လေ့လာနိုင်ပြီး ရင်သပ်ရှုမောဖွဘ် သဘာဝတရားကြီးရဲ့ ထူးခြားဆန်းသစ်တဲ့ အငွေ့အသက်တွေကို ကောင်းကောင်းကြီး ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : Travel Triangle