လိင်မှုရေးရာကိစ္စဟာ သက်ရှိ လူသားတို့ရဲ့ ဘဝထဲက တစ်စိတ်တစ်ပိုင်း အရေးပါတဲ့ သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သလို ကျန်းမာခြင်းကို ဖော်ပြနေတဲ့ ပုံမှန်အသွင်အပြင်တစ်ခုလည်း ဖြစ်ပေမယ့် အလွန်အကျွံ စွဲလမ်းမှုတွေ ဖြစ်လာပြီဆိုရင်တော့ အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။ လိင်မှုကိစ္စကို စွဲလမ်းမှု ဖြစ်လာပြီဆိုရင် နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေ ကောင်းကောင်းလုပ် ဆောင်နိုင်မှာ မဟုတ်တော့သလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိလာနိုင်တဲ့အပြင် ပါတနာနဲ့ ဆက်ဆံရေးမှာလည်း အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ကိစ္စ အပေါ် အလွန်အကျွံ စွဲလမ်းခြင်း ရှိမရှိဆိုတာကို စွဲလမ်းမှုရဲ့ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားမလာခင်မှာ မိမိကိုယ်တိုင် လေ့လာဆန်းစစ်ရမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်ကိစ္စအပေါ် စွဲလမ်းလွန်းနေပြီးဆိုတာကို ဖော်ပြနေတဲ့ အချက်ပြ လက္ခဏာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။
(၁) လိင်ကိစ္စအကြောင်းပဲ အချိန်တော်တော်များများ တွေးနေရင်
Photo : Couples Counseling Chicago
လိင်ကိစ္စအကြောင်း မကြာခဏ တွေးမိတာက စိုးရိမ်စရာ မရှိတဲ့ ပုံမှန်အခြေအနေတစ်ခုပါ။ သို့သော် အချိန်တိုင်း မဟုတ်တောင် တစ်နေ့တာအတွင်းက အချိန်တော်တော်များများမှာ လိင်ကိစ္စ အကြောင်းပဲ တွေးဖြစ်နေတယ် အခြားအရာတွေအပေါ် အာရုံစိုက်မှုနည်းနေတယ် ဆိုရင်တော့ စွဲလန်းမှုအစပြုနေပြီဆိုတာ သတိထားမိနိုင်ပါတယ်။ ဒါဟာ လိင်ကိစ္စအပေါ် စွဲလမ်းမှုရဲ့ ပထမဆုံး သတိပေးတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
(၂) အလွန်အကျွံ တစ်ကိုယ်ရည် အာသာဖြေ မိနေရင်
Photo : Best Health Magazine
တစ်ကိုယ်ရည် အာသာဖြေတာဟာ ကျား/မ မရွေး လိင်မှုရေးရာနဲ့ သက်ဆိုင်တဲ့ သဘာဝဖြစ်စဉ် တစ်ခုဖြစ်ပါတယ်။ သို့သော်လည်း ပုံမှန်မဟုတ်ပဲ အလွန်အကျွံ ဖြစ်နေမယ် ၊ နေ့တိုင်း သို့မဟုတ် တစ်ရက်တာအတွင်းမှာ အကြိမ်ပေါင်းများစွာ တစ်ကိုယ်ရည် အာသာဖြေမိနေမယ် ၊ ပုံမှန်မဟုတ်ပဲ အန္တရာယ်ဖြစ်စေနိုင်တဲ့ နည်းလမ်းတွေနဲ့ တစ်ကိုယ်ရည် အာသာဖြေဖို့ ကြိုးစားနေမိမယ် စတဲ့ အခြေအနေတွေ ဖြစ်နေရင်တော့ စွဲလမ်းမှု ပြဿနာဆီသို့ ဦးတည်သွားနေပြီဆိုတာ သိနိုင်ပါပြီ။
(၃) အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ လုပ်ဆောင်မိတယ်ဆိုရင်
Photo : Wedding Wire
လူတွေဟာ စွဲလမ်းမှုရဲ့ နောက်ကွယ်မှာ စွဲလမ်းမှုအပေါ် အားရကျေနပ်တဲ့ စိတ်ခံစားမှု ရစေဖို့ အန္တရာယ်ရှိတဲ့ လုပ်ဆောင်မှုတွေ လုပ်လေ့ရှိတက်ပါတယ်။ လိင်ကိစ္စအပေါ် စွဲလမ်းသူတွေမှာလည်း ထို့နည်းအတူပါပဲ။ လေ့လာမှုတွေအရ လိင်ကိစ္စ စွဲလမ်းမှုရောဂါပြဿနာ ခံစားနေရသူတွေဟာ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းအပါအဝင် အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို သတိလက်လွတ် လုပ်ဆောင်မိတက်ကြတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေဟာ မမျှော်လင့်တဲ့ ကိုယ်ဝန်ရနိုင်ခြေ အပါအဝင် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားကူးစက်မှု အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတာကို သတိပြုဆင်ခြင်မိဖို့ လိုပါတယ်။
(၄) အပျက်သဘောဆောင်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ များနေရင်
Photo : AugustMan
လိင်စိတ်ဆန္ဒ အားကြီးလွန်းနေတဲ့အခါ သို့မဟုတ် လိင်ကိစ္စ အပေါ် စွဲလမ်း လွန်းနေပြီဆိုရင် တဖြည်းဖြည်းနဲ့ သင်ဟာ ကိုယ့်ကိုယ်ကိုယ် ရှက်ရွံခြင်း ၊ လိပ်ပြာမလုံခြင်းနဲ့ စိတ်ဓာတ်ကျခြင်း ကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေများစွာ ဖြစ်ပေါ်ကြုံတွေ့ ခံစားလာရနိုင်ပါတယ်။ လိင်စိတ် စွဲလမ်းသူတွေဟာ ပုံမှန်လက်တွေ့ဘဝကနေ ကွဲထွက်လာပြီး ချစ်တင်းနှောတာ သို့မဟုတ် တစ်ကိုယ်ရည်အာသာဖြေတာ ကဲ့သို့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကိုပဲ လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတာကြောင့် ကိုယ့်ကိုယ့်ကိုယ် အပြစ်ရှိသလို ခံစားရတာ ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာနိုင်ပါတယ်။
(၅) လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ ရပ်လိုက်တာနဲ့ စိတ်အတက်အကျတွေ ဖြစ်နေတယ်ဆိုရင်
Photo : Men’s Health
လိင်မှုကိစ္စဟာ မူးယစ်ဆေးဝါး စွဲလမ်းမှုလို့ပါပဲ။ လိင်ကိစ္စအပေါ် စွဲလမ်းနေသူတစ်ယောက်အတွက် ချစ်တင်းနှောတာ ၊ တစ်ကိုယ်ရည် အာသာဖြေတာ တို့လို လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေမလုပ်ပဲ နေမယ်ဆိုရင် ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး စိတ်ခံစားချက်တွေလည်း အတက်အကျတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် လူသားတွေရဲ့ ဦးနှောက်ဟာ ပုံမှန်လုပ်ဆောင်ချက်တွေကို လုပ်နိုင်ဖို့ ခန္ဓာကိုယ်တွင်းက ဟော်မုန်းနဲ့ ဓာတုပစ္စည်းတွေအပေါ် များစွာ သက်ရောက်မှု ရှိနေတာပါ။ ဒါကြောင့် ရုတ်တရက်ဆိုသလို လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်တဲ့အခါ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေဟာလည်း ကမောက်ကမဖြစ်လာပြီး စိတ်ခံစားချက်အတက်အကျဖြစ်တာ ၊ စိတ်မပျော်မရွှင် ခံစားရတာနဲ့ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာတာ စတဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
Source : Addictionhelp.com
Featured Photo : The Mirror