လိင်စိတ်ဆန္ဒ နည်းပါးရခြင်း အကြောင်းအရင်းတွေ များစွာရှိပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် လိင်စိတ်ဆန္ဒ လျော့ကျရတဲ့ အကြောင်းအရင်းတွေတော့ မတူညီနိုင်ပေမယ့် ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် အခုပြောပြမယ့်အချက်တွေ ထွက်လာပါတယ်။ ဘယ်အရာတွေက ကွီးတို့ကို လိင်စိတ်ဆန္ဒ လျော့ကျစေတဲ့ အဓိက တရားခံတွေ ဖြစ်လဲဆိုတာ လေ့လာကြည့်ရအောင်ပါ။
(၁) စိတ်ဖိစီးမှု
Photo : The Telegraph
လိင်မှုဘဝအပေါ် များစွာသက်ရောက်မှုရှိတဲ့ အဓိက တရားခံက စိတ်ဖိစီးမှုပါပဲ။ လူတော်တော်များများက စိတ်ဖိစီးမှုခံစားနေရချိန်မှာ လိင်စိတ်ဆန္ဒလျော့နည်းတာ ၊ လိင်မှုကိစ္စအပေါ် စိတ်အားထက်သန်မှု လျော့ကျတာမျိုး ဖြစ်တက်ကြပါတယ်။ စိတ်ဖိစီးမှုတွေက အလုပ်မှာ ၊ အိမ်မှာ ဒါမှမဟုတ် လက်တွဲဖော်နဲ့ ဆက်ဆံရေးမှာ တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့ရနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းတွေနဲ့အညီ ကိုင်တွယ်ဖြေရှင်းတဲ့နည်းက စိတ်ပိုင်း/ရုပ်ပိုင်း ကျန်းမာရေးကို များစွာအထောက်အကူ ပြုပါတယ်။ စိတ်ဖိစီးမှု လျော့ဖို့ ကိုယ် တိုင်လုပ်နိုင်တဲ့ နည်းလမ်းတွေ များစွာရှိသလို လိုအပ်ပါက အကြံပေးပညာရှင်တွေ ၊ ဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်လို့ ရပါတယ်။
(၂) ပါတနာ ပြဿနာ
Photo : Naibuzz
သင့် ပါတနာနဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးတစ်ခုရှိခြင်းဟာ လိင်စိတ်ဆန္ဒ နည်းပါးရတဲ့ ထိပ်တန်းအကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ မကြာခဏ ရန်ဖြစ်စကားများတာ ၊ ဆက်သွယ်မှု ညံ့ဖျင်းတာ ၊ သစ္စာဖောက်ခံရတာ သို့မဟုတ် အခြားယုံကြည်မှုဆိုင်ရာ ချိုးဖောက်ခံရတဲ့ ပြဿနာတွေဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ လိင်စိတ်ဆန္ဒကို လျော့နည်းသွားစေပါတယ်။ ဒီအခြေအနေမှာ ကိုယ်နဲ့ ကိုယ့်ပါတနာကြားက ဆက်ဆံရေးကို အကောင်းဆုံးပြန်လည်ညှိနှိုင်းပြီး တည်ဆောက်ဖို့ လိုပါတယ်။ အကယ်၍ နှစ်ဦးသားရဲ့ဆက်ဆံရေးက ညှိနှိုင်းဖို့ ခက်ခဲတဲ့အခြေအနေဆိုရင် Relationship အကြံပေး ဆွေးနွေးသူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ အကြံပြုချင်ပါတယ်။
(၃) အရက်
Photo : Men’s Health
အရက်သောက်ခြင်းက လိင်ဆက်ဆံမှုအပေါ် ပိုမိုပွင့်လင်းမှုရှိစေပြီး စွမ်းဆောင်ရည်ပိုကောင်းစေတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒါပေမယ့် အရက်အလွန်အကျွံသောက်မယ်ဆိုရင်တော့ လိင်မှုဘဝအပေါ်ဆိုးကျိုးတွေ သက်ရောက်လာစေနိုင်ပါတယ်။ အရက်အလွန်အကျွံမူးနေခြင်းက သင်ရော သင့်ပါတနာကိုပါ လိင်စိတ်ဆန္ဒ လျော့ကျစေနိုင်ပါတယ်။ အရက်ကို အသင့်အတင်မှီဝဲခြင်းထက် စွဲလန်းတဲ့အဆင့်ကို ရောက်နေပါက အရက်ဖြတ်ဖို့ ဆရာဝန်တွေထံ အကူညီတောင်းခံသင့်ပါတယ်။
(၄) အိပ်ချိန်
Photo : Insider
လိင်မှုရေးရာ တက်ကြွမှုအားနည်းတာ ၊ လိင်စိတ်ဆန္ဒလျော့ကျတာဟာ အိပ်ချိန်လုံလောက်စွာမရခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်က အရမ်းနောက်ကျမှ အိပ်ရာဝင်တက်သူလား ဒါမှမဟုတ် မနက်စောစောအိပ်ရာထတက်သူ တစ်ယောက်လား။ ဒါမှမဟုတ် အိပ်ရေးပျက်ခြင်း သို့မဟုတ် အိပ်မပျော်ခြင်းကဲ့သို့ အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်စုံတစ်ရာ ရှိနေပါသလား။ တစ်နေ့တာမှာ ကောင်းစွာအိပ်စက်အနားယူမှုမရှိခြင်းဟာ လိင်မှုဘဝအပေါ် အကြီးမားဆုံး အဟန့်အတားတစ်ခု ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေရင် လိင်ဆက် ဆံချင်စိတ် လျော့နည်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့ အိပ်စက်မှုဆိုင်ရာ အရည်အသွေးကို ထိန်းသိမ်းပါ။ အိပ်ချိန်ပြည့်ပြည့်ဝဝအိပ်စက်တာက လိင်မှုဘဝအပေါ်ရော ကျန်းမာရေးအတွက်ပါ ကောင်းကျိုးပြုပါတယ်။
(၅) ဆေးဝါး
Photo : Best Life
တချို့သော ဆေးဝါးတွေဟာ လိင်စိတ်ဆန္ဒ နိုးကြားတက်ကြွမှုကို အကြီးအကျယ် လျော့ကျစေနိုင်ပါတယ်။ ဥပမာ အားဖြင့် စိတ်ကျရောဂါကုသဆေးများ ၊ သွေးပေါင်ကျဆေးများ ၊ သန္ဓေတားဆေးများ ၊ HIV ရောဂါ တိုက်ဖျက်ကုသရေး ဆေးများ ၊ ဟော်မုန်းဆေးများနဲ့ ဓာတုကုထုံးတွေ ပါဝင်ပါတယ်။ ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး ဆေး ပြောင်းလဲမှီဝဲတာ ၊ သောက်သုံးတဲ့ ပမာဏကို လျော့ချတာ စတဲ့နည်းလမ်းတွေက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ ဆေးဝါးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလဲတာ ၊ သောက်သုံးတဲ့ ပမဏလျော့ချတာမျိုးတော့ အထူးရှောင်ကြဉ် သင့်ပါတယ်။ ဆေးဝါးများပြောင်းလဲပြီးသည်တိုင် လိင်မှုဘဝအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိနေသေးပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေနွေးပြီး အကြံဉာဏ်ရယူပါ။
(၆) ကိုယ်အလေးချိန်
Photo : Medical News Today
အဝလွန်ခြင်း သို့မဟုတ် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေခြင်းဟာ လိင်စိတ်ဆန္ဒ လျော့ကျစေတဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ အဝလွန်တဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်နဲ့ ပတ်သတ်ပြီး ယုံကြည်မှု အားနည်းတာ ၊ စိတ်နောက်ကိုယ်မလိုက်နိုင်တာတွေဖြစ်ပြီး လိင်မှုဆက်ဆံရေးအပေါ် မပျော်မရွှင် ဖြစ်စေနိုင်ပါတယ်။ အဝလွန်ခြင်းဟာ လိင်စိတ်ဆန္ဒတက်ကြွမှုကို လျော့ကျစေရုံမက ကျန်းမာရေးအတွက်လည်း များစွာဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အသက်အရွယ် ၊ အရပ်နဲ့ ကိုက်ပြီး ရှိသင့်တဲ့ ခန္ဓာကိုယ် ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။ လေ့ကျင့်ခန်း နေ့စဉ်ပုံမှန် လုပ်ဆောင်ပါ။ အကယ်၍ ကိုယ်က အဝလွန်နေတယ် ၊ ကိုယ်အလေး ချိန်များနေတယ် ဆိုရင် ဆရာဝန် ဒါမှမဟုတ် အားကစား နည်းပြတွေရဲ့ အကူညီရယူပြီး ကိုယ်အလေးချိန်လျော့ဖို့ လုပ်ဆောင်သင့်ပါတယ်။
Featured Photo : Fulham Consulting