ကွီးတို့ လိင်မှုဘဝမှာ ပေါဖောမန့်စ် ကောင်းကောင်းနဲ့ အပြည့်အဝ စွမ်းဆောင်ပြီး ကိုယ့်ရဲ့ ရှော်တီလေးကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့က အဘက်ဘက်ကနေ ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးကို အပွန်းအပဲ့ မခံဘဲ သေချာဂရုစိုက်မှသာလျှင် သာယာပျော်ရွှင်တဲ့ လိင်မှုဘဝတစ်ခုကို ရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ မပြောကောင်း မဆိုကောင်း၊ ကွီးတို့ဆီမှာ အခုဖော်ပြမယ့် ရောဂါတစ်ခုခု ကြုံတွေ့ခဲ့ရမယ်ဆိုရင်တော့ ကွီးတို့ရဲ့ လိင်မှု ဘဝ ကို များစွာ ခြိမ်းခြောက်နေပြီဆိုတာ သတိကပ်ထားသင့်ပါတယ်။
(၁) နှလုံးရောဂါ
ကွီးတို့ရဲ့ နှလုံးကျန်းမာရေးနဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးတို့သည် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါ။ ကွီးတို့ရဲ့ နှလုံးရောဂါက တစ်ခုခု ချွတ်ချော်သွားတာနဲ့ ကွီးတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကိုလည်း ဆိုးကျိုး တိုက်ရိုက်သက်ရောက်မှု ရှိစေတယ်ဆိုတာ သိထားသင့်ပါတယ်။ ဒါ့ကြောင့် နှလုံး ကျန်းမာရေး ကောင်းအောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
(၂) ဆီးချိုရောဂါ
ဆီးချိုရောဂါ ခံစားရပြီဆိုတာနဲ့ ကွီးတို့ရဲ့ သွေးလှည့်ပတ်မှုကလည်း မကောင်းတော့ပါဘူး။ နောက်ဆက်ဆွဲ ဆိုးကျိုးအနေနဲ့ ကွီးတို့ ညီလေးဆီလည်း သွေးလှည့်ပတ်မှု နည်းသွားတဲ့အတွက်ကြောင့် ကွီးတို့ ညီလေးက ထောင်မတ်လာနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ငယ်ရွယ်စဥ်ကတည်းက ဆီးချိုရောဂါ မစွဲကပ်ရလေအောင် အထူး ဂရုပြုသင့်ပါတယ်။
(၃) အဝလွန်ရောဂါ
အဝလွန်ရောဂါက မျိုးရိုးလည်း လိုက်တတ်သလို ကွီးတို့ရဲ့ ကိုယ်အလေးချိန်ကို ဂရုမစိုက်ဘဲ အဆီ အဆိမ့်တွေ အလွန်အကျွံ စားသုံးမယ်ဆိုရင်လည်း ကွီးတို့ဆီမှာ အဝလွန်ရောဂါ စွဲကပ်မှာပါပဲ။ အဝလွန်ရောဂါကြောင့် ကွီးတို့ရဲ့ ညီလေး ကျန်းမာရေးကလည်း ထိခိုက်သွားပြီး ကွီးတို့ စိတ်ရှိသလောက် အပြည့်အဝ စွမ်းဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။
(၄) အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်း
ကွီးတို့ဆီမှာ အဆစ်အမြစ် နာကျင်ကိုက်ခဲတတ်ခြင်းနှင့် လေးဘက်နာ ရောဂါမျိုး ရှိတယ်ဆိုရင် နောက်ထပ် စိတ်ပူရမယ့် နောက်ဆက်တွဲ ရောဂါကတော့ ရွှေပန်း ညှိုးသွားခြင်းပဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လေးဘက်နာနဲ့ အဆစ်အမြစ် ရောင်ရမ်း နာကျင်ခြင်းကြောင့် သေးငယ်တဲ့ သွေးကြောများလည်း ရောင်ရမ်းလာပြီး ညီလေးဆီသို့ သွေးပို့ဆောင်ခြင်းကို ခက်ခဲသွားစေနိုင်လို့ပဲ ဖြစ်ပါတယ်။
(၅) စိတ်ကျရောဂါ
ကွီးတို့ လိင်မှု ဘဝ အတွက် အရေးကြီးဆုံး အချက်ကတော့ စိတ်ပါပဲ။ စိတ်ဆောင်ရင် စိတ်ပါလာမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ကျရောဂါ ခံစားနေရသူတစ်ယောက်အဖို့ လိင်မှုကိစ္စမှာ စိတ်ပါလာဖို့ဆိုတာ အဝေးကြီးမှာပါ။ စိတ်ကျ ရောဂါသည် ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာအားလုံးအပေါ် စိတ်ဝင်စားမှု နည်းပါးနေမှာဖြစ်ပြီး လိင်မှုကိစ္စအပေါ်မှာလည်း စိတ်ဝင်စားမှု ရှိတော့မှာ မဟုတ်ပါဘူး။
(၆) သွားနှင့် သွားဖုံး ကျန်းမာရေး မကောင်းခြင်း
ပြင်းထန်လွန်းတဲ့ သွားဖုံးရောဂါသည် ရွှေပန်းညှိုးသွားစေတတ်တယ်လို့ ကျန်းမာရေး သုတေသနပြုချက်အရ သိရှိရပါတယ်။ သွားဖုံး ရောဂါ ခံစားနေရတဲ့ အမျိုးသား ၈၀ ရာခိုင်နှုန်းခန့်သည် လိင်မှုကိစ္စနဲ့ ပတ်သက်လာရင်လည်း ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ကြတော့ဘူးလို့ ထိုသုတေသနပြုချက်အရ သိရှိရပါတယ်။
ကွီးတို့ဆီမှာ အခုဖော်ပြသွားတဲ့ ရောဂါများ တစ်ခုမှ မစွဲကပ်ရလေအောင်၊ ကိုယ့်ရဲ့ လိင်မှု ဘဝ ထိပါး ပျက်ပြားမှု မရှိရလေအောင် ဘယ်လိုနည်းလမ်းတွေနဲ့ ကျန်းမာရေးကောင်းအောင် ဂရုစိုက်ကြပါသလဲ။
Source : Everydayhealth
Featured Photo : Freepik