အာဂျင်တီးနား ဝါရင့်နည်းပြကြီး မာဆယ်လို ဘီရယ်ဆာ ဟာ လိဒ်ယူနိုက်တက် အသင်းရဲ့  နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရပြီး တစ်လမပြည့်သေးခင်မှာပဲ ဘိုလီဗီးယား လက်ရွေးစင်အသင်းရဲ့ နည်းပြအသစ် ရာထူးကို ပြန်လည် ရရှိခဲ့ပါတယ်။

နည်းပြကြီး ဘီရယ်ဆာဟာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ လေးပွဲဆက်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး နောက် အသင်းဟာ တန်းဆင်းဇုန်နဲ့ အနီးဆုံးနေရာကို ရောက်ရှိသွားတာကြောင့် နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီး အသင်းလက်မဲ့ ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

Photo : SPORTbible

အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နည်းပြကြီး ဘီရယ်ဆာ ဟာ လိဒ်စ်ယူနိုက်တက် အသင်းကို ၁၆ နှစ်ကြာဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်ရောက်ရှိအောင် အဓိက စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဘောလုံးလောကရဲ့ နည်းစနစ်ပိုင်း အကျွမ်းကျင်ဆုံး နည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး လက်ရွေးစင်အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေတဲ့ နည်းပြကြီး ဘီရယ်ဆာကို ဘိုလီဗီးယားအသင်းက ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။

ဘိုလီဗီးယားအသင်းကတော့ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကိုလံဘီယာအသင်းကို ၃ – ၀ ဂိုး နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ခြင်းမရှိတော့တာကြောင့် ဥက္ကဌ ဖာနန်ဒိုကော်စတာက လက်ရွေးစင်အသင်း နည်းပြ ဆီဇာ ဖာရီးရက်စ် ရဲ့နေရာမှာ နည်းပြအသစ် အမြန်ဆုံး အစားထိုးစေခဲ့တာ ဖြစ်ပါတယ်။

” ကျွန်တော်တို့ သူနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာကို ငြင်းမှာ မဟုတ်ပါဘူး ၊ ကျွန်တော်တို့ အစည်းအဝေး မလုပ်ရသေးပေမယ့် သူနဲ့ အနီးကပ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ် ၊ ကျွန်တော်တို့ နိုင်ငံအသင်းနည်းပြတွေအပါအဝင် နည်းပြအတော်များများနဲ့ စကားပြောနေပြီး သူတို့ဘက်က ကမ်းလှမ်းတာတွေကို နားထောင်နေပါတယ် ၊ အဆိုပြုချက် တစ်ခုခုရှိလာခဲ့ရင် ကျွန်တော်တို့ သူတို့ကို အကဲဖြတ်မှာပါ ၊ အရေးကြီးဆုံးက ကျွန်​​တော်​တို့ နိုင်​ငံအသင်း​တွေအတွက်​ ​ငွေဘယ်လောက်သုံးမယ်ဆိုတာပါပဲ ” လို့ Daily Mail သတင်းဌာနကို ပြောခဲ့ပါတယ်။

Photo : The Guardian

ဘီရယ်ဆာဟာ အယ်လန် ရုတ်ဒ်မှာတုန်းက ဖျော်ဖြေမှုကောင်းတဲ့ တိုက်စစ်အသားပေး ကစားဟန်နဲ့ ကစားစေခဲ့ပြီး ကစားသမားတွေရဲ့ အတွေးအခေါ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ပထမဆုံးရာသီမှာ ချန်ပီယံမန်ချက်စတာ စီးတီးအသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတွေကို နိုင်ပွဲရယူနိုင်ခဲ့ပြီး အဆင့် ၉ နေရာနဲ့ ရာသီကိုအဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီမှာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ အသင်းခေါင်းဆောင် လီယမ် ကူးပါး၊ ကယ်လ်ဗင် ဖီးလစ်နဲ့ ပက်ထရစ် ဘမ်ဖို့ဒ်တို့ဟာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အသင်းရဲ့ အခြေအနေဟာ အတော်လေး စိုးရိမ်စရာ ဖြစ်သွားခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက် အသင်းဟာ နည်းပြကြီး ဘီရယ်ဆာ နဲ့ လေးနှစ်အကြာမှာ လမ်းခွဲခဲ့ခြင်းဖြစ်ပြီး ဘီရယ်ဆာရဲ့ နေရာမှာ လိုက်ဇစ်နည်းပြဟောင်း ဂျက်စီမာ့ရှ်ကို အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ဂျာမန်ကလပ် လိုက်ဇစ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ အမေရိကန်နည်းပြ ဂျက်စီမာ့ရှ်ကို နည်းပြအသစ် ခန့်အပ်ခဲ့မှုနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကြားမှာ အနည်းငယ် သံသယဖြစ်ခဲ့ကြပေမယ့် ဂျက်စီမာ့ရှ်က အင်္ဂလန်မှာ ထင်ထားတာထက် ပိုကောင်းနေပြီး လိဒ်အသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ အနိုင်ရလဒ်ဖော်ဆောင်ပေးနိုင်ခဲ့ပြီး တန်းဆင်းဇုန်အထက် ရှစ်မှတ်အကွာမှာ ရပ်တည်နေပါတယ်။

Featured Photo : Daily Mail