တစ်နေ့ထက်တစ်နေ့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ လူသားတွေ အနေနဲ့ ကြိုးစားရုန်းကန် နေရတာ တကယ်ကို မလွယ်ကူလှပါဘူး။ စီးပွား​ရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ ဘက်ပေါင်းစုံကနေ စိတ်ဖိစီးမှုတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ ရနေကြပါတယ်။ လူ့အဖွဲ့အစည်းမှာ ကျင်လည်နေသရွေ့ အဘက်ဘက်ကပေးတဲ့ စိတ်ဖိစီးမှု တွေကို ရှောင်လွှဲလို့ မရပါဘူး။ ထို့အတူ လုပ်ငန်းခွင်မှာလည်း နေ့စဉ်နဲ့ အမျှ စိတ်ပင်ပန်းစရာတွေ၊ စိတ်ဖိစီးမှုတွေကို ကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ဒီနေ့ခေတ် လုပ်ငန်းခွင်မှာ ကြုံတွေရတဲ့ စိတ်ဖိစီးမှု တွေကိုချက်ချင်း နည်းနိုင်သမျှ နည်းအောင် လျော့ကျစေဖို့ လိုက်နာလုပ်ဆောင်လို့ရတဲ့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ အသက်ရှု လေကျင့်ခန်းလုပ်ပါ

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု လျော့ကျစေဖို့

Photo : GOQii

ကွီးတို့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေရင်း အဆင်မပြေမှုတွေကြောင့် အရမ်း စိတ်ဖိစီးမှု များကာ မွန်းကြပ်နေပြီလို့ ခံစားရတာနဲ့ ထိုစိတ်ဖိစီးမှုများ လျော့ကျစေဖို့ လုပ်လက်စအလုပ်တွေကို ခဏရပ်ထားလိုက်ပါ။ ထို့နောက် အသက်ပြင်းပြင်း ရှုသွင်း ရှုထုတ်  ၅ မိနစ်ခန့် လုပ်ပေးပါ။ သို့မဟုတ် အလုပ်နေရာမှာပဲ တရားထိုင်ခြင်းကို အနည်းဆုံး ၁၅ မိနစ်ခန့် လုပ်ပေးပါ။

၂။ သီချင်း နားထောင်ပါ

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု လျော့ကျစေဖို့

Photo : Levelhead

လုပ်ငန်းခွင်မှာ ကြုံတွေရတဲ့ စိတ်ဖိစီးမှု တွေကို လျော့ကျစေဖို့ သီချင်းနားထောင်ခြင်းကလည်း နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ သီချင်းဖြစ်စေ၊ စိတ်တည်ငြိမ်စေတဲ့ သီချင်းအေးအေးလေးဖြစ်စေ၊ Stress Relief Frequency ဖြစ်စေ တစ်ပုဒ်လောက် နားထောင်လိုက်ပါ။

၃။ အာရုံပြောင်းပေးပါ

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု လျော့ကျစေဖို့

Photo : Durable Ltd

ကွီးတို့ ရုံးခန်း ဝရံတာကဖြစ်စေ နေရောင်ဖျော့ဖျော့လေး ခံတာမျိုး၊ ကိုယ်အလုပ်လုပ်တဲ့ နေရာ၊  ကိုယ့်ကို စိတ်ဖိစီးမှု ဖြစ်စေတဲ့ အလုပ်စားပွဲမှ ခဏထပြီး အ​ပြင်မှာ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အကယ်၍ အထပ်မြင့် အဆောက်အဦးမှ ရုံးခန်းဆိုလျှင် ကွီးတို့ စိတ်အာရုံကို အောက်မှာသွားလာနေတဲ့ ကားများအပေါ် သို့မဟုတ် အပေါ်စီးမှ မြင်ရတဲ့မြင်ကွင်းများအပေါ်သို့ ခေတ္တခဏ အာရုံပြောင်းလိုက်ပါ။

၄။ ခဏ အနားယူပါ

Stress

Photo : Essilor

ကွီးတို့ စိတ်ကိုညစ်ညူးစေတဲ့ ရှုပ်ယှက်ခတ်နေသော အလုပ်စားပွဲကို ခဏ မေ့ထားလိုက်ပြီး မျက်ခွံများကို ဖြေလျော့ထားကာ မျက်လုံးလေးများကိုမှိတ်ပြီး အမြန်အနားပေးလိုက်ပါ။ ထိုသို့ လုပ်ခြင်းအားဖြင့် စိတ်တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှုကို ပြန်လည်ရရှိစေပါတယ်။ နောက်တစ်မျိုး အနေနဲ့ ကိန်းဂဏန်းတွေကို ဖြည်းဖြည်းချင်း ၁၀ ကနေ ၁ အထိ နောက်ပြန် ရေတွက်ကြည့်ပါ။ ဒီနည်းလမ်းလေးကလည်း စိတ်ဖိစီးမှုကို လျော့ကျပြီး စိတ်ကို ပြန်လည်တည်ငြိမ်စေပါတယ်။

၅။ ချောကလက်စားပါ

Chocolate

Photo : Health Digest

စိတ်ဖိစီးမှုခံစားရတဲ့အခါ ချောကလက်တစ်ဘား ဒါမှမဟုတ် နှစ်ဘားလောက် စားခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှု အဆင့်ကို အမှန်တကယ် လျော့ကျစေနိုင်ရုံသာမက အာရုံကြောများကိုပါ ငြိမ်သက်စေတယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။ အနက်ရောင် ချောကလက်စားခြင်းဖြင့်လည်း စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းအဆင့်ကို ထိန်းညှိပေးပြီး ဇီဝဖြစ်ပျက်မှုကို တည်ငြိမ်စေပါတယ်။

၆။ ခြေလက်များကိုဆန့်ပြီး အကြောလျှော့ကြည့်ပါ

လုပ်ငန်းခွင်မှာ စိတ်ဖိစီးမှု လျော့ကျစေဖို့

Photo: The Physio Company

ကွီးတို့အနေနဲ့ အလုပ်တွေကြောင့် စိတ်ညစ်လာပြီ သို့မဟုတ် စိတ်ရှုပ်လာပြီဆိုတာနဲ့ ထိုစိတ်ဖိစီးစရာ အခြေအနေမှာပဲ ထိုင်မ​​နေဘဲ ကိုယ်ခန္ဓာနဲ့ ခြေလက်များကို  ဆန့်ပြီး အကြောလျှော့ခြင်းက ကြွက်သားများ တင်းမာမှုကို လျော့ကျစေပြီး အလုပ်ခွင်အတွင်း ဖိစီးနေသော စိတ်ကို ပြေလျော့စေပါတယ်။  ပုခုံးကို ဆန့်ထုတ်ခြင်း သို့မဟုတ် ခုံပေါ်မှာ ရင်ဘတ်ဖွင့်ကာ ဆန့်ထုတ်ကြည့်ပါ။ သိသိသာသာကို စိတ်ဖိစီးမှုတွ လျော့ကျသွားတာ တွေ့ရမှာပါ။ နောက်တစ်နည်းအနေနဲ့ ကိုယ့်အလုပ်စားပွဲမှာပဲ လုပ်လို့ရတဲ့ Workout များကို လေ့ကျင့်ထားပြီး လုပ်ကြည့်ပါ။  ထိုသို့လုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကိုလည်း လျော့ကျ သက်သာစေရုံသာမက အထိုင်များခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၇။ ဂေါ့ဖ်ဘောလုံးလေးနဲ့ ခြေထောက်ကို နှိပ်နယ်ပေးပါ

Stress Release

Photo: Spooner Physical Therapy

ခြေဖဝါးအောက်တွင် ဂေါ့ဖ်ဘောလုံးတစ်လုံး ခုထားပြီး ခြေဖဝါးကို အရှေ့မှ အနောက်သို့ ပွတ်ဆွဲပေးလိုက်ပါ။ ထိုနည်းလမ်းသည်လည်း ကွီးတို့ လုပ်ငန်းခွင်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကို လျော့ကျစေတဲ့အပြင် ခြေဖဝါးကိုလည်း နှိပ်နယ်ပြီးသား ဖြစ်သွားပါတယ်။ ခြေထောက်အညောင်းအညာပြေစေတဲ့ နည်းလမ်းတစ်ခုဆိုလည်း မမှားပါဘူး။ ဒီနည်းလမ်းလေး အတွက် ကွီးတို့အလုပ်စားပွဲ နားမှာ ဂေါ့ဖ် ဘောလုံးလေး တစ်လုံးတော့ ဆောင်ထားဖို့မမေ့နဲ့နော်။

ဒီနည်းလမ်းလေးတွေက တကယ်ကို  ရိုးရှင်းလွယ်ကူပြီး ထိရောက်တာကြောင့်  လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ စိတ်ဖိစီးမှု တွေကို လျော့ကျစေဖို့  အထောက်အကူ ပြုပါလိမ့်မယ်။ ဒါမှသာ ကွီးတို့စိတ်ပေါ့ပါးစွာဖြင့် တစ်နေ့တာကျန်ရှိနေသေးတဲ့ မိမိတို့လုပ်ငန်းဆောင်တာ တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့လည်း စိတ်ဖိစီးမှု ကြုံလာတဲ့အခါ ဒီနည်းလမ်းကောင်းလေးတွေကို လိုက်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source : Colorado

Featured Photo : Orielstat