အလုပ်လုပ်ချင်စဖွယ်ကောင်းတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် တစ်ခု ရရှိပိုင်ဆိုင်ထားပါက ထိုအဖွဲ့အစည်းသည် အောင်မြင်ရတဲ့ အဖွဲ့အစည်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

လုပ်ငန်းခွင် ပတ်ဝန်းကျင် သည် တစ်ခုနဲ့တစ်ခု အနေအထားမတူနိုင်ပေမယ့် ဒီလိုမျိုး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ရတဲ့အခါ လုပ်ဖော်ကိုင်ဖက်အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး ကောင်းမွန်နေပြီး အခွင့်အလမ်းပေါင်းများစွာကိုလည်း ဖန်တီးနိုင်ကာ အလုပ်တာဝန်မြောက်များစွာကိုလည်း ပြီးမြောက်နိုင်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ တစ်ယောက်နဲ့တစ်ယောက် စောင်းမြောင်းတိုက်ခိုက်နေပြီးတော့ အလုပ်ချိန်မှာ အားနေရင် အတင်းထိုင်တုပ်နေခြင်းသည် ဆိုးရွားတဲ့ပတ်ဝန်းကျင်တစ်ခုကိုသာ ဖြစ်ပေါ်စေပြီး လုပ်ဖော်ကိုင်ဖက်အချင်းချင်းလည်း အမြင်ကြည်လာကြမှာမဟုတ်တော့ပါဘူး။

ထိုကဲ့သို့ ဆိုးရွားတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် မျိုး ရှောင်ရှားဖို့ဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်သလဲ။ ဘယ်အရောတွေက သာယာပျော်ရွှင်ပြီး အလုပ်လုပ်ချင်စဖွယ်ကောင်းတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် ကို ဖန်တီးပေးနိုင်သလဲ။

တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်ဆံခြင်း

လုပ်ငန်းခွင် ပတ်ဝန်းကျင်

ဝန်ထမ်းများသည် သူတို့ရဲ့ ထင်မြင်ယူဆချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ်၊ အထက်လူကြီးတစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း ဝန်ထမ်းများအားလုံးကို သာတူညီမျှ ဆက်ဆံပေးမယ်၊ တူညီတဲ့အခွင့်အရေးကို အတူတူပေးမယ်ဆိုရင်တော့ ဝန်ထမ်းအချင်းချင်းလည်း စည်းစည်းလုံးလုံးဖြစ်မှာဖြစ်ပြီး အောင်မြင်တဲ့အသင်းအဖွဲ့တစ်ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ပိုကြိုးစားတဲ့သူကို အခွင့်အရေးပိုပေးချင်တယ်ဆိုရင်တောင်မှ ကိုယ့်ရဲ့အပြုအမူက သိသာထင်ရှားနေလို့မရပါဘူး။ တစ်လအတွက် အကောင်းဆုံး ဝန်ထမ်းဆု၊ တစ်နှစ်အတွင်း အကောင်းဆုံး ဝန်ထမ်းဆု စသည်ဖြင့် ဆုပေးခြင်းသည်လည်း ဝန်ထမ်းများရဲ့ စိတ်ဓာတ်ကို မြှင့်တက်လာပြီး အလုပ်ပိုမိုလုပ်ချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

စိတ်ကူးစိတ်သန်းကောင်းပြီး တီထွင်ဖန်တီး ကြံဆနိုင်စွမ်း ရှိခြင်း

လုပ်ငန်းခွင် ပတ်ဝန်းကျင်

စစ်တမ်းကောက်ယူချက်တစ်ခုအရ ၈၄ ရာခိုင်နှုန်းသော လုပ်ငန်းရှင်များသည် လုပ်ငန်းခွင်တစ်ခုမှာ အသစ်အသစ်သော တီထွင်ဖန်တီးနိုင်စွမ်းသည် အရေးအကြီးဆုံးပဲဖြစ်တယ်လို့ လက်ခံထားကြပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းများကို သမရိုးကျ တွေးခေါ်နည်းမဟုတ်ဘဲ မတူညီတဲ့ ရှု့ထောင့်အမျိုးမျိုးကနေ ရှု့မြင်တတ်ဖို့ လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း ကိုယ့်ဝန်ထမ်းတွေကို လိုအပ်တဲ့ သင်တန်းပို့ချချက်များ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

ကိုယ့်ဝန်ထမ်းက တစ်နေ့နေ့တစ်ချိန်ချိန် တော်ပြီး လုပ်ရည်ကိုင်ရည်ရှိလာပါက ကိုယ့်ကုမ္ပဏီက ထွက်သွားပြီး ပြိုင်ဘက်ကုမ္ပဏီမှာ သွားလုပ်မှာကို ကြောက်နေလို့မရပါဘူး။ ထွက်ချင်တဲ့သူကိုလည်း သင် တားလို့မရနိုင်ပါဘူး။ ထိုကဲ့သို့သော အခြေအနေမျိုး ကြုံလာတဲ့အခါ သင့်အနေနဲ့ နောက်ထပ်လူသစ်တစ်ယောက် ထပ်မွေးသင့်ပြီး ကိုယ့်ကုမ္ပဏီဘက်ကနေ ပြုလုပ်ပေးထားတဲ့ အချက်များကြောင့် ကုမ္ပဏီအတွက်လည်း ဘာပြန်လုပ်ပေးရမယ်ဆိုတဲ့ ကတိကဝတ်တစ်ခုတော့ ထားထားဖို့လိုအပ်ပါလိမ့်မယ်။ ကိုယ့်ဝန်ထမ်းတွေ တော်ပြီး ထက်မြက်လာမှာကိုကြောက်နေရင်တော့ သင့်ရဲ့လုပ်ငန်းသည် ဘယ်တော့မှ တိုးတက်အောင်မြင်လာမှာမဟုတ်ပါဘူး။

သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်အနေအထားတစ်ခု ဖန်တီးပေးခြင်း

လုပ်ငန်းခွင် ပတ်ဝန်းကျင်

Photo: Arteil

ဝန်ထမ်းများသည် အလုပ်မှာ တနေကုန်ထိုင်ပြီး အလုပ်လုပ်နေရတာဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့အတွက် သက်သောင့်သက်သာရှိတဲ့ စားပွဲနှင့် ထိုင်ခုံတို့သည် အင်မတန်မှ အရေးကြီးပါတယ်။ သူတို့အနေနဲ့ သက်သောင့်သက်သာရှိပြီး အလုပ်လုပ်ရတာ အနှောင့်အယှက်မရှိမှသာလျှင် အလုပ်တာဝန်အများအပြားကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ထို့အခြေအနေအတွက်လည်း လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ထည့်သွင်းစဉ်းစားထားရမှာဖြစ်ပြီး လိုအပ်ပါက ဘတ်ဂျက်အခြေအနေကို တွက်ဆပြီးလည်း သုံးစွဲရမှာဖြစ်ပါတယ်။

ထိုအဆင့်အထိကတော့ လုပ်ငန်းရှင်များရဲ့ တာဝန်ဖြစ်ပါတယ်။

ဝန်ထမ်းများအနေနဲ့ကတော့ …

အချင်းချင်း ကူညီဖေးမခြင်း

လုပ်ငန်းခွင် ပတ်ဝန်းကျင်

တစ်ယောက်နဲ့တစ်ယောက် အတွဲညီညီ အလုပ်လုပ်တတ်ရမှာဖြစ်ပြီး အခြားတစ်ယောက်က အကူအညီလိုအပ်လာပါကလည်း အချင်းချင်း အပြန်အလှန်ကူညီပေးဖို့လိုအပ်ပါတယ်။ မျက်နှာလွှဲခဲပစ် ကိုယ့်အလုပ်ပြီးရင် ပြီးရောဆိုပြီး ပစ်ထားမယ်ဆိုရင်တော့ တစ်ချိန်ချိန်မှာ ကိုယ်က အကူအညီလိုအပ်လာတဲ့အချိန်မှာလည်း ကိုယ့်ကို ကူညီမယ့်သူ ရှိမှာမဟုတ်တော့ပါဘူး။ ဒါ့ကြောင့်လည်း ငယ်စဉ်အရွယ်ကတည်းက ကျောင်းတက်စဉ်အချိန်မှာ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်တဲ့စိတ်ဓာတ် Team Work အတွက် လေ့ကျင့်ပေးထားကြတာ ဖြစ်ပါတယ်။ အလုပ်အကိုင် ခေါ်ယူနေစဉ်အချိန်မှာလည်း အသင်းအဖွဲ့စိတ်ဓာတ် ရှိရမယ် ဆိုတဲ့ လိုအပ်ချက်ကိုလည်း ပြဌာန်းပေးထားတာဖြစ်ပါတယ်။

ဘာ့ကြောင့် သာယာပျော်ရွှင်ဖွယ်ကောင်းပြီး အလုပ်လုပ်ချင်စဖွယ်ကောင်းတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင် တစ်ခု လိုအပ်တာလဲ။

လုပ်ငန်းများ များများတိုးချဲ့နိုင်လာခြင်း

successful business

Photo: Csoonline

အဖွဲ့အစည်းတစ်ခုမှာ ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်တဲ့အခါ အလုပ်လုပ်နေမှန်းမသိဘဲ အလုပ်တာဝန်များ တစ်ခုပြီးတစ်ခု မြန်မြန်ဆန်ဆန်ပြီးမြောက်သွားမှာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ လုပ်ငန်းရှင်များသည်လည်း သူတို့ရဲ့ လုပ်ငန်းများကို တစ်ခုပြီးတစ်ခု တိုးချဲ့သွားနိုင်မှာဖြစ်ပြီး နှစ်ဦးနှစ်ဘက် အကျိုးစီးပွားဖြစ်ထွန်းမှာ ဖြစ်ပါတယ်။

ထိရောက်မှုမြန်ဆန်လာခြင်း

man working

ဝန်ထမ်းများအားလုံးသည် တစ်ရက်ထက် တစ်ရက် Productive ဖြစ်လာပြီး ကျွမ်းကျင်လာတဲ့အခါ သူတို့ရဲ့အလုပ်အပေါ် တာဝန်ယူနိုင်မှုသည်လည်း တဟုန်ထိုးမြင့်တက်လာမှာဖြစ်ပါတယ်။ ထိရောက်မှု မြန်ဆန်လာပြီး တီထွင်ကြံဆနိုင်စွမ်းလည်း တိုးမြင့်လာမှာဖြစ်ပါတယ်။ လုပ်ငန်းကျွမ်းကျင်လာတဲ့အတွက်ကြောင့် ၂ နာရီလောက် လုပ်ရမယ့်အလုပ်သည် ၁ နာရီအတွင်း ပြီးမြောက်သွားနိုင်ပြီး ထိရောက်မှု ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။

အောင်မြင်မှုများ ဆွတ်ခူးရရှိနိုင်ခြင်း

trophy and success

ဝန်ထမ်းများသည်လည်း သူတို့ဘဝ မှတ်တိုင်တစ်ခုအတွက် အောင်မြင်မှုအသီးအပွင့်ကို ခံစားရမှာဖြစ်ပြီး စိတ်ကျေနပ်ပျော်ရွှင်လာကာ အလုပ်လုပ်ချင်စိတ်များလည်း ပိုမိုမြင့်တက်လာမှာဖြစ်ပါတယ်။ ကုမ္ပဏီဘက်က ကြည့်တဲ့အခါမှာလည်း သူတို့အတွက် လုပ်ငန်းအောင်မြင်မှုများ ပိုမိုများပြားလာမှာဖြစ်တာကြောင့် နှစ်ဦးနှစ်ဖက် Win-Win Situation ဖြစ်လာမှာပါ။

ဒါ့ကြောင့် ကုမ္ပဏီတစ်ခု အောင်မြင်ဖို့အတွက် ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အရည်အချင်းများကို ပြုစုပျိုးထောင်ပေးရမှာဖြစ်ပြီး အဖွဲ့အစည်းစိတ်ဓာတ်ကို ထိပါးလာသူများအားလည်း သေသေချာချာဂရုစိုက်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါဆိုရင်တော့ ပျော်ရွှင်စရာကောင်းတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖြစ်သွားပြီဖြစ်ပါတယ်။

Source: Octanner

Featured Image: Surepayroll