ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်တတ်တဲ့သူတွေသည် လုပ်ငန်းခွင် မှာ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် နှင့် အရည်အချင်းကို ဘယ်လို အသိအမှတ်ပြုခံရအောင် ကျင့်ကြံရမလဲဆိုတာ သိကြပါတယ်။ သူတို့သည် ကိုယ့်ရဲ့ ကြိုးစားမှုက ကွက်တိကျနေရဲ့လား၊ လိုအပ်နေတာမျိုးတွေ ရှိသလားဆိုတာကို အလိုအလျောက် သိရှိနေကြတာ ဖြစ်ပါတယ်။ ဒါသည် ဘာ့ကြောင့်လည်းဆိုတော့ သူတို့ရဲ့အလုပ်ကပဲ သင်ပေးသွားတဲ့ အတွေ့အကြုံများကြောင့်ပဲ ဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ လုပ်ငန်းခွင် မှာ ဘယ်လောက်ပဲ ကြိုးစားနေပါစေ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် ကို အသိအမှတ်မပြုဘူးလို့ ခံစားနေရပါသလား။ လုပ်ငန်းခွင် မှာ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် ကို အသိအမှတ်ပြုခံစေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သိထားသင့်ပါတယ်။ ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ မိမိသည် ကိုယ့်ရဲ့ လုပ်ငန်းခွင် မှာ ဘယ်လောက် ကြိုးစားခဲ့သလဲ၊ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည် ကို အသိအမှတ်ပြုခံရမယ့် နည်းလမ်းကောင်းများကို သိရှိသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့အထက်လူကြီးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ

meeting

ကိုယ့်ရဲ့ မန်နေဂျာ (သို့) စူပါဗိုက်ဆာ (သို့) အထက်လူကြီးများနှင့် ကိုယ့်ရဲ့အလုပ်တာဝန်များ၊ စွမ်းဆောင်ရည်များအကြောင်းကို မကြာခဏ ဆွေးနွေးနိုင်ပါတယ်။ ဒီလို မကြာခဏ ပြောဆိုခြင်းအားဖြင့် သင့်ရဲ့အလုပ်တာဝန်နှင့် စွမ်းဆောင်ရည်များအကြောင်းကို ကောင်းစွာ သိနားလည်မှာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ပါ ဆိုတဲ့စကားကတော့ ကွီးတို့ကို ကိုယ့်ရဲ့အထက်လူကြီးအား ဖားခိုင်းတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ဘက်ကလည်း ဖြောင့်ဖြောင့်မှန်မှန်နဲ့ ဆက်ဆံပြီး ကိုယ် လုပ်စရာရှိတာများကို ပုံမှန်အတိုင်း လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ကိုယ့်ကို ပေးအပ်ထားတဲ့ တာဝန်က တစ်ခုခု ပြောင်းလဲသွားတဲ့အခါမှာလည်း ကိုယ့်ရဲ့အထက်လူကြီးကို အကြောင်းကြားပေးနိုင်ပါတယ်။ ဥပမာအားဖြင့် သင်သည် ပရောဂျက်တစ်ခုရဲ့ Deadline အမှီပေးနိုင်ဖို့ရန်အတွက် ညလုံးပေါက် နေခဲ့ရတယ်ဆိုရင် ညလုံးပေါက်ခဲ့ကြောင်း ကိုယ့်ရဲ့အထက်လူကြီး သိအောင် ပြောပြလိုက်ပါ။ ဒါမှ ကိုယ် လုပ်ရတဲ့အလုပ်သည်လည်း မလွယ်ကူမှန်း သူတို့ သိနားလည်မှာဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်များနှင့်လည်း သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံပါ

friendly colleagures

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်များနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံခြင်းသည်လည်း ကိုယ့်ရဲ့အလုပ်စွမ်းဆောင်ရည်ကို သူတို့ အသိအမှတ်ပြုအောင် ကူညီပေးပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်များအကြောင်းလည်း စိတ်ဝင်စားပုံပြပါ။ ကုမ္ပဏီချင်းတူပြီး ဌာနမတူတဲ့ လုပ်ဖော် ကိုင်ဖက်များနှင့်လည်း ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံခြင်းအားဖြင့် တခြားဌာနမှဝန်ထမ်းများသည်လည်း သင့်ရဲ့လုပ်ရည်ကိုင်ရည်ကို သိနားလည်လာကြမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်ကိုယ်တိုင် အသိအမှတ်ပြုပါ

လုပ်ငန်းခွင် လုပ်ရည်ကိုင်ရည်

ခက်ခဲတဲ့ အလုပ်တာဝန်များ လုပ်ဆောင်ရတဲ့အခါ ကိုယ့်ရဲ့အရည်အချင်းကိုလည်း ကိုယ်ကိုယ်တိုင် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ လုပ်လေ့လုပ်ထမရှိတဲ့အခါ စစချင်းမှာတော့ သင့်အနေနဲ့ အနည်းငယ် အခက်ကြုံနိုင်ပါတယ်။ သို့သော် တဖြည်းဖြည်းနဲ့ ထိုအလေ့အကျင့်မျိုးကို မွေးမြူကြည့်လိုက်တဲ့အခါ ကိုယ့်ရဲ့အရည်အချင်းတွေကိုလည်း ကိုယ်ကိုယ်တိုင် တန်ဖိုးထားကာ အသိအမှတ်ပြုတတ် လာပါလိမ့်မယ်။ သင့်ရဲ့ ပြုမူဆက်ဆံပုံကို သင့် ဘေးပတ်ဝန်းကျင်က လူတွေသည် သတိထားမိလာပြီး သူတို့သည်လည်း ထိုပုံအတိုင်း ပြုမူမှာပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ အသင်း အဖွဲ့လိုက် အလုပ်လုပ်ဆောင်တဲ့အခါမှာလည်း ထိုနည်းအတိုင်းပါပဲ။ ကိုယ့်အဖွဲ့သားများရဲ့ လုပ်ဆောင်နိုင်စွမ်းနှင့် စွမ်းရည်ကိုလည်း အသိအမှတ်ပြုပါ။ တစ်ယောက်ကို တစ်ယောက် ဖေးမကူညီလိုက်ပါ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အသိအမှတ်ပြုပါ။ အချင်းချင်း ဖေးမကူညီခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ အလုပ်ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်နိုင်ပါတယ်။

အခြားသူများထံမှလည်း လေ့လာသင်ယူပါ

လုပ်ငန်းခွင် လုပ်ရည်ကိုင်ရည်

သင့်ကုမ္ပဏီထဲမှာပဲ ကိုယ့်ရဲ့အရည်အချင်း၊ လုပ်ရည်ကိုင်ရည်များကြောင့် အသိအမှတ်ပြုခံရတဲ့သူ၊ ချီးကျူးခံရတဲ့သူတွေလည်း ရှိမှာပါပဲ။ ထိုကဲ့သို့သော လူတွေကို လေ့လာကြည့်လိုက်ပါ။ သူတို့သည် ချီးကျူးခံရအောင်၊ အသိအမှတ်ပြုခံရအောင် ဘယ်လို ပြုမူနေထိုင်ကြသလဲဆိုတာ လေ့လာပါ။ သေချာတာကတော့ သူတို့သည် အလုပ်ကို မခိုမကပ်ဘဲ လုပ်ကိုင်ကြမှာပါ။ သင့်လည်း သူတို့လို မခိုမကပ်ဘဲ အလုပ်လုပ်ပေမယ့် ဘာ့ကြောင့် ချီးကျူးမခံရသလဲ။ အသိအမှတ်ပြု မခံရသလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်စရာရှိလာပါလိမ့်မယ်။ ထိုအခါ သူတို့ရော အသိအမှတ်ပြုခံရဖို့အတွက် ဘယ်လိုမျိုး လုပ်ဆောင်သလဲဆိုတာကို နည်းနမူယူရမှာဖြစ်ပါတယ်။

အခြားသူများရဲ့ လုပ်ရည်ကိုင်ရည်ကိုလည်း အသိအမှတ်ပြုပါ

လုပ်ငန်းခွင် လုပ်ရည်ကိုင်ရည်

ကိုယ်ကိုယ်တိုင်ကို အသိအမှတ်ပြုခံချင်ရင် အခြားသူတွေကိုလည်း အသိအမှတ်ပြုဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်က သူ့ရဲ့ပရောဂျက်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်တဲ့အခါ အသိအမှတ်ပြုလိုက်ပါ။ ချီးကျူးစကားဆိုလိုက်ပါ။ ဒီလိုမျိုး အသိအမှတ်ပြုခြင်းအားဖြင့် မိမိအလှည့်ရောက်တဲ့အခါမှာလည်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်များက တစ်ဖန်ပြန်လည် ချီးကျူးစကားဆိုလာပါလိမ့်မယ်။ ကိုယ့်ကို ပြုမူစေချင်တဲ့အပြုအမူအတိုင်း သူတစ်ပါးအား ပြုမူပါက မိမိသည်လည်း တူညီတဲ့ တုန့်ပြန်ချက်များ ရရှိမှာဖြစ်ပါတယ်။

မိမိရဲ့ပရော်ဖက်ရှင်နယ်လမ်းကြောင်းတစ်ခုလုံး ပိုမိုတိုးတက်လာအောင် ကျင့်ကြံပါ

လုပ်ငန်းခွင် လုပ်ရည်ကိုင်ရည်

မိမိသည် တစ်နေရာတည်းမှာပဲ ရပ်မနေဘဲ အမြဲတမ်း ရှေ့ဆက်သွားနေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့တိုးတက်ရာ တိုးတက်ကြောင်းအတွက် အမြဲတစေ ကြိုးစားလုပ်ဆောင်နေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့အရည်အချင်း တိုးတက်ဖို့ရန်အတွက် အမြဲတစေ လေ့လာဖို့လိုအပ်ပါတယ်။ သင်တန်းများ တက်စရာရှိပါက သင်တန်းများ တက်ပေးပါ။ သင်တန်းက ပို့ချသည်များကိုလည်း လက်တွေ့အသုံးချပါ။ ဒါ့အပြင် မိမိကိုယ်တိုင်လည်း အသစ်အသစ်သော သင်ယူစရာများကို လေ့လာဖို့လိုအပ်ပါတယ်။ မိမိရဲ့အရည်အချင်းများ တိုးတက်မှသာလျှင် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် လမ်းကြောင်းတစ်ခုလုံး တိုးတက်လာမှာဖြစ်ပါတယ်။ ဒါမှ မိမိလိုချင်တဲ့ အမြင့်တစ်နေရာကို တက်လှမ်းနိုင်ပြီး အောင်မြင်မှုကို ဆွတ်ခူးရရှိမှာဖြစ်ပါတယ်။

Source: Indeed

Featured Image: Goodnet