လိင်ဆက်ဆံခြင်းဟာ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်ပေမယ့် လုံခြုံမှုမရှိတဲ့ အချစ်ကတော့ ဆိုးရွားတဲ့ အန္တရာယ်တွေကို ဖြစ်လာနိုင်ပါတယ်။ ဒီနေရာမှာ သင့်ကိုယ်သင် လုံခြုံမှုရှိစွာ ကာကွယ်နိုင်ဖို့အတွက်ဆိုရင် အန္တရာယ်မကင်းတဲ့ လိင်ဆက်ဆံမှုအကြောင်းကို သင်ကိုယ်တိုင် အသိပညာရှိထားဖို့ အရေးကြီးပါတယ်။ ဒါဆို Safe Sex ဆိုတာ ဘာကိုပြောတာလဲ မေးစရာရှိပါတယ်။ လုံခြုံစိတ်ချရတဲ့ ဆက်ဆံမှုဆိုတာဟာ လိင်ဆက်ဆံနေစဉ်အတွင်း သင်နဲ့သင့် ပါတနာအကြား သုက်ရည် ၊ မိန်းမကိုယ်အရည်များကဲ့သို လိင်အင်္ဂါမှ ထွက်ရှိတဲ့ အရည်များ သို့မဟုတ် သွေးများဖလှယ်ခြင်း မရှိတဲ့ လိင်ဆက်ဆံမှုကို ဆိုလိုပါတယ်။ အရိုးရှင်းဆုံး ပြောရမယ်ဆိုရင်တော့ ကွန်ဒုံးလို အကာအကွယ် အသုံးပြုပြီး ဆက်ဆံခြင်း ဖြစ်ပါတယ်။ လုံခြုံမှုမရှိတဲ့ ဆက်ဆံမှု Unsafe Sex ကတော့ အကာအကွယ်အသုံးပြုခြင်းမရှိပဲ လိင်ဆက်ဆံခြင်းကို ခေါ်ပါတယ်။ ပါးစပ် ၊ စအို သို့မဟုတ် မိန်းမအင်္ဂါ တစ်ခုခုနဲ့ ဆက်ဆံတဲ့အချိန်မှာ ကွန်ဒုံးအသုံးပြုဖို့ ပျက်ကွက်ခြင်းကို လုံခြုံမှုမရှိတဲ့ ဆက်ဆံမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုရမှာပဲ ဖြစ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အန္တရာယ်မကင်းတဲ့ လိင်ဆက်ဆံမှုလို့ ယူဆနိုင်တဲ့ အခြားသော အပြုအမူတွေ အများကြီးရှိနေပါသေးတယ်။ ဒါတွေကတော့……….

unsafe sex

Photo : The Toronto Star

  • မည်သည့် သန္ဓေတားဆေးအမျိုးအစားကိုမျှ မသုံးပဲ ဆက်ဆံခြင်း
  • လိင်ဆက်ဆံမှု အစကနေအဆုံးအထိ အကာအကွယ်မသုံးမပြုခြင်း ( ဥပမာ – ကိစ္စပြီးခါနီးမှ ကွန်ဒုံးသုံးခြင်း။  Pre-cum လို့ခေါ်တဲ့ ရှေ့ပြေးသုက်ရည်ကြည်မှာ သုက်ပိုးပါဝင်နိုင်တဲ့အတွက် မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားနိုင်သလို STIs လည်း ကူးစက်နိုင်ခြေရှိပါတယ်)
  • တစ်ကြိမ်အသုံးပြုပြီးသား ကွန်ဒုံးကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုခြင်း
  • ပါးစပ် ၊ မိန်းမကိုယ် ၊ စအို စသည်ဖြင့် ပြောင်းလဲဆက်ဆံချိန်မှာ ကွန်ဒုံးတစ်ခုတည်းကိုပဲ အသုံးပြုခြင်း ( မတူညီတဲ့ ဆက်ဆံမှုတိုင်းအတွက် ကွန်ဒုံးအသစ်တစ်ခုစီကို ပြောင်းလဲအသုံးပြုပေးဖို့ လိုပါတယ်)
  • ဆီအခြေခံ ချောဆီအသုံးပြုခြင်း ( Oil-based ချောဆီတွေက ကွန်ဒုံးကိုအလွယ်တကူ ကွဲထွက်စေနိုင်တဲ့အတွက် အန္တရာယ်ရှိပါတယ်)
  • လိင်ဆက်ဆံချိန်မှာ ကွန်ဒုံးကို မှန်ကန်စွာ အသုံးပြုမှုမရှိခြင်း
  • Sex Toys တွေကို ပါတနာနဲ့ မျှဝေသုံးစွဲခြင်း
  • ဆက်ဆံပြီးနောက် သန္ဓေတားဆေးသောက်ဖို့ မေ့သွားလျော့ခြင်း
  • ရောဂါပိုးရှိသူနဲ့ ထိတွေ့ဆက်ဆံမိခြင်း (ရောဂါရှိသူနဲ့ Skin-To-Skin ထိတွေ့ဆက်ဆံမိရုံနဲ့ လိင်မှတဆင့်ကူးစက်နိုင်တဲ့ ရောဂါပိုးများ STIs ကူးစက်နိုင်ပါတယ်)
  • လိင်ဆက်ဆံဖော်များခြင်း သို့မဟုတ် အပျော်အပါးလိုက်စားခြင်း

စတဲ့ အခြေအနေတွေကို လုံခြုံမှုမရှိတဲ့ ဆက်ဆံခြင်း တနည်းအားဖြင့် အန္တရာယ်မကင်းတဲ့ လိင်ဆက်ဆံမှုတွေလို့ သတ်မှတ်နိုင်ပါတယ်။

လုံခြုံမှုမရှိတဲ့ ဆက်ဆံမှုတွေက ဘယ်လိုဆိုးကျိုးအန္တရာယ်တွေကို ဖြစ်စေနိုင်လဲ

unsafe sex

Photo : BBC

  • လုံခြုံမှုမရှိတဲ့ ဆက်ဆံမှုကနေ Sexually Transmitted Infections (STIs) လို့ခေါ်တဲ့ လိင်မှတဆင့်ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ပါတယ်။
  • ကြိုတင်မျှော်လင့်မထားတဲ့ သို့မဟုတ် မလိုချင်တဲ့ ကိုယ်ဝန်တွေ ရနိုင်ခြေများတယ်။
  • လုံခြုံမှုမရှိတဲ့ဆက်ဆံမှုရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုအနေနဲ့ကတော့ အတွေးလွန်ခြင်းနဲ့ စိတ်ဖိစီးမှုများစေတာပဲ ဖြစ်ပါတယ်။

အကယ်၍ လုံခြုံမှုမရှိတဲ့ ဆက်ဆံမှုတစ်ခု ကျူးလွန်မိပြီဆိုပါက နားလည်တက်ကျွမ်းနဲ့ ဆရာဝန်နဲ့ ရိုးသားပွင့်လင်းစွာ သွားရောက်တိုင်ပင်ပါ။ လိင်မှတဆင့်ကူးစက်တက်တဲ့ ရောဂါများ STIs ကူးစက်ခံရခြင်းရှိမရှိကို နီးစပ်ရာ ကျန်းမာရေးစင်တာတွေမှာ စစ်ဆေးမှု ခံယူဖို့လိုပါတယ်။ STIs ကူးစက်ခံရခြင်းရှိမရှိကို စောစီးစွာသိရှိပြီး ကုသမှုခံယူမယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ ၊ ဝေဒနာနဲ့ ရေရှည်အန္တရာယ်တွေကို ရှောင်ရှားနိုင်မှာဖြစ်တဲ့အပြင် ဆင့်ပွားကူးစက်ခြင်းကိုလည်း ကာကွယ်နိုင်ပါလိမ့်မယ်။ အကယ်၍ HIV ရောဂါပိုး သံသယရှိတယ်ဆိုပါက ၇၂ နာရီအတွင်း သောက်သုံးရမယ့် ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်။

အကာအကွယ်မဲ့ လိင်ဆက်ဆံမိလို့ မျှော်လင့်မထားတဲ့ ကိုယ်ဝန်ရနိုင်ခြင်းမှ တားဆီးနိုင်ဖို့အတွက်ဆို အရေးပေါ် သန္ဓေတားဆေးကို သောက်နိုင်ပါတယ်။ အရေးပေါ် သန္ဓေတားဆေးဟာ ဆက်ဆံပြီးတိုင်း သောက်ရမယ့် ဆေးဝါးမဟုတ်ပဲ တကယ့်အရေးပေါ်အခြေအနေမှသာ သောက်သုံးသင့်တယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။ အရေးပေါ် သန္ဓေတားဆေးကို အကာအကွယ်မဲ့ လုံခြုံစိတ်ချမှု မရှိတဲ့ ဆက်ဆံမှုအပြီး ၇၂ နာရီအတွင်းသောက်ပေးရမှာဖြစ်ပြီး မြန်မြန်သောက်လေ ထိရောက်မှုပိုရှိလေပါ။

လိင်ဆက်ဆံခြင်းဟာ သက်ရှိလူသားတိုင်းအတွက် မပါမဖြစ်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်သလို ပျော်ရွှင်ကြည်နူးဖွယ်လည်း ကောင်းပါတယ်။ သို့သော် လုံခြုံစိတ်ချမှုရှိတဲ့ ဆက်ဆံမှု Safe Sex ဖြစ်ဖို့တော့ လိုပါတယ်။ လုံခြုံစိတ်ချမှုရှိတဲ့ ဆက်ဆံမှုဟာ အသိပညာဗဟုသုတနဲ့ စဉ်းစားတွေးခေါ်မှု ကြိုတင်အစီအစဉ်ဆွဲမှုတွေနဲ့ ဆက်စပ်နေပါတယ်။ သင်ကိုယ်တိုင်ရော သင့်ပါတနာပါ လိင်မှုဆိုင်ရာ အသိပညာရှိထားဖို့ လိုအပ်ပြီး လုံခြုံစိတ်ချမှုရှိစွာ ချစ်ကြည်နူးနိုင်ဖို့အတူတကွ ကြိုတင်ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအသိရှိတာဟာ သင်ကိုယ်တိုင်ရော သင့်ပါတနာအတွက်ပါ ကြိုတင်ကာကွယ်ရာ ရောက်စေပါတယ်။ လုံခြုံမှုမရှိတဲ့ ဆက်ဆံမှုတစ်ခုခုကို ကျူးလွန်ဖို့ တွေးမိပါက သင့်ကိုယ်သင် NO ဆိုတဲ့ အဖြေနဲ့အတူ တားဆီးရမှာ ဖြစ်သလို သင့်ပါတနာကလည်း အတွေးအခေါ်ရှိရှိ လိုက်လျောခြင်းမပြုရမှာ ဖြစ်ပါတယ်။ ဒါမှသာ တကယ်ကို သာယာကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်ကောင်းတစ်ခုကို အတူတူမျှဝေ ခံစားနိုင်မှာပါ။

ကဲဒါဆို ကွီးတို့ရော လုံခြုံစိတ်ချမှု မရှိတဲ့ အချစ်ကို စမ်းတောင် စမ်းမကြည့်မိပါစေနဲ့ဗျ။

Featured Photo : LovePanky