“လေးစားမှု” ဆိုတဲ့ စကားလုံးဟာ ပေါင်းသင်းဆက်ဆံရေးမှာ အရမ်းကို အရေးကြီးပါတယ်။ လုပ်ငန်းခွင် ၊ မိတ်ဆွေ အပေါင်းအသင်း ၊ မိသားစု ၊ ချစ်သူရည်းစား စတဲ့ ဆက်ဆံရေးကဏ္ဍ အားလုံးမှာ အကျုံးဝင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှု မရှိရင် ဘယ်လို ဆက်ဆံရေးမှာမဆို ရေရှည်ပေါင်းသင်းလို့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အပြန်အလှန် လေးစားမှုဟာ နံပါတ်တစ် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတာ ဖြစ်ပါတယ်။ သင့်အနေနဲ့ အခြားလူတစ်ယောက်အပေါ် လေးစားမှု ရှိတယ်ဆိုတာကို ဘယ်လိုဘယ်ပုံ ပြသရမလဲ မသိသေးရင်တော့ အခုပြောပြမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ သိထားဖို့ လိုပါမယ်။

(၁) ကွဲလွဲမှုတွေကို လက်ခံပါ

Office Team

Photo : Inc. Magazine

လူတစ်ယောက်နဲ့တစ်ယောက် ပင်ကိုယ်ပုံပန်းသဏ္ဌာန် ၊ သွင်ပြင်လက္ခဏာ မတူညီကြသလို ခံယူချက် ၊ နားလည်လက်ခံမှုတွေဟာလည်း မတူနိုင်ပါဘူး။ လူတိုင်းလူတိုင်း ကိုယ်စီကိုယ်လွဲမှုလေးတွေတော့ ရှိကြတာ သဘာဝပါ။ လူတိုင်းမှာ ကိုယ်ပိုင် အတွေ့အကြုံနဲ့ ယုံကြည်ချက်ကိုယ်စီရှိကြတယ်ဆိုတာ နားလည်ထားရပါမယ်။ လူတစ်ယောက်စီရဲ့ မတူညီတဲ့ အမြင် ၊ ကွဲလွဲတဲ့ သဘောတရားကို နားလည်လက်ခံပေးပြီး ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ မသတ်မှတ်တာဟာ ရင့်ကျက်တဲ့ သဘောကို ဆောင်သလို တခြားသူတွေအပေါ် လေးစားမှု ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

(၂) မပြောခင်မှာ အရင်စဉ်းစားပါ

Business Man

Photo : Relational Advantage

” ကြမ်းကျွံလျှင် နုတ်၍ရသည် ၊ စကားလွန်လျှင် နုတ်၍မရ ” ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ လူလူချင်း ပေါင်းသင်းဆက်ဆံရေး ကဏ္ဍမှာ စကားအပြောအဆို ၊ စကားလုံး အသုံးအနှုန်း ၊ လေသံအနှိမ့်အမြင့် စတာတွေဟာ သိပ်ကို အရေးကြီးပါတယ်။ စကားတစ်ခုကိုမဆို ပြီးပြီရော ပြောလိုက်လို့ အဆင်မပြေပါဘူး။ မပြောခင်မှာ ကိုယ့်ဘာသာ အချိန်ခဏလေး စဉ်းစားသုံးသပ်ပြီးမှ ပြောဆိုသင့်ပါတယ်။ ဒါဟာ လူအချင်းချင်း ဆက်ဆံရေးကဏ္ဍမှာ အရေးကြီးတဲ့ ကျင့်ဝတ်တစ်ခုဖြစ်သလို အပြန်အလှန် လေးစားမှု တည်ဆောက်ရမှာ သိပ်ကိုအရေးပါတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်။

(၃) ခွဲခြားဆက်ဆံခြင်း / အတင်းအဖျင်း ပြောဆိုခြင်း ရှောင်ပါ

Office Team

Photo : Entrepreneur

လူလူချင်း ခွဲခြားဆက်ဆံတာ ၊ နောက်ကွယ်မှာ အတင်းအဖျင်း ပြောဆိုတာတွေဟာ အပျက်သဘောဆောင်တဲ့ အမူအကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေး ပျက်ပြားရတဲ့ အကြောင်းအရင်းတွေထဲမှာ ဒီအချက်ဟာ ထိပ်ဆုံးကနေ ပါဝင်နေတာပါ။ ဒါဟာ အခြားသူတွေအပေါ် လေးစားမှု မရှိဘူးဆိုတဲ့ သဘောကို သက်ရောက်စေသလို သင့်အပေါ်မှာလည်း လူတွေရဲ့အမြင်မှာ အထင်သေးစရာ လုပ်ရပ်တစ်ခု ဖြစ်နေတက်ပါတယ်။ ဒါကြောင့် ဘယ်လိုဆက်ဆံရေးမှာမဆို ဒီအချက်ကို သတိထားရှောင်ပါ။

(၄) အမှားကို ဝန်ခံလို စိတ်ရှိပါ

Business Man
Photo : LinkedIn

အမှားလုပ်မိရင် အမှားကို ဝန်ခံရဲတာဟာ လေးစားစရာကောင်းတဲ့ အမူအကျင့်တစ်ခုပါပဲ။ စာရေးသူတို့ အားလုံး ဘဝမှာ အမှားမလုပ်ဘူးတဲ့သူ မရှိပါဘူး။ ကိုယ့်ရဲ့ အမှားကို ဝန်ခံရဲဖို့နဲ့ နောက်ထပ် ဒီလို အလားတူအမှားမျိုး ထပ်မကျူးလွန်မိဖို့ စောင့်ထိန်းရမှာ ဖြစ်ပါတယ်။ မိမိအမှားလုပ်မိတဲ့အပေါ် အမှားကို ဝန်ခံလို စိတ်ရှိတာ ၊ ဝန်ခံရဲတာဟာ လေးစားသမှုကို ဖော်ပြတဲ့ ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်သလို ကိုယ့်အမှားကိုယ် တာဝန်ယူမှု ၊ တာဝန်ခံမှုရှိတဲ့ လူမှန်တစ်ယောက်ဆိုတာကို ဖော်ပြပေးနေတဲ့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။

Source : University Of West London

Featured Photo : Entrepreneur