အရှက်အကြောက်ကြီးပြီး လူမျိုး/ဘာသာရေး ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကန့်သတ်ချက်တွေကို အလေးအနက်ထားတဲ့ စာရေးသူတို့လို အာရှသားတွေအတွက် အနောက်နိုင်ငံသားတွေနဲ့ ယှဉ်ရင် လိင်မှုရေးရာ ပွင့်လင်းမှုဟာ အတော်လေး အကန့်အသတ် ရှိတယ်လို့ ဆိုရပါမယ်။ ဒါဟာ ကြီးပြင်းလားတဲ့ ပတ်ဝန်းကျင် ၊ ဆယ်စုနှစ်များစွာ လက်ဆင့်ကမ်းလာတဲ့ လူမျိုးရေး/ ဘာသာရေးဆိုင်ရာ ကန့်သတ်ချက် တွေရဲ့ လွှမ်းမိုးထားခြင်းကို ခံရလို့ပါပဲ။ တကယ်တော့ လိင်မှုကိစ္စအပေါ် ပွင့်လင်းမှုမရှိတာ ၊ လိင်မှုကျန်းမာရေး ဗဟုသုတအသိမရှိတာဟာ မလိုလားအပ်တဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတွေ ၊ ဆယ်ကျော်သက်နဲ့ ကြိုတင်မျှော်လင့်မထားတဲ့ ပြဿနာတွေအပြင် အခြားသော ဆိုးကျိုးရလဒ်တွေကို ဖြစ်ပေါ်ကြုံတွေ့ရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ လူမျိုး/ဘာသာရေး ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် လိင်မှုကျန်းမာရေးဆိုင်ရာ ဗဟုသုတ နည်းပါးနေသူတို့အတွက် အကန့်အသတ်တွေကြားကနေ ဘယ်လိုကျော်လွှားရမလဲဆိုတာ အကြံပြုပြောကြားပေးချင်ပါတယ်။
(၁) လိင်မှုကိစ္စအကြောင်း ဆွေးနွေးဖို့ မရှက်ပါနဲ့
Photo : The Times of India
လိင်မှုကိစ္စ တကယ်တော့ ရှက်စရာ ၊ ကြောက်စရာ မဟုတ်ပါဘူး။ အရွယ်ရောက်ပြီးသားသူတိုင်း ကျားမ မရွေး လိင်မှုကိစ္စအကြောင်း လွတ်လပ်စွာ ဆွေးနွေးပြောဆိုခွင့်ရှိသလို ၊ လိင်မှုရေးရာ အသိပညာ ဗဟုသုတ ရှိရပါမယ်။ ဒါမှသာ မဖြစ်သင့်တဲ့ အချင်းအရာတွေကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်သလို နဖူးတွေ့ဒူးတွေ့ ကြုံလာရရင်လည်း ကောင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။
(၂) ရွယ်တူချင်း မေးမြန်တိုင်ပင်ပါ
Photo : OCD Clinic
အကယ်၍ လူ့ဘောင်ပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချက် တွေကြောင့် လိင်မှုအသိ နည်းပါးနေတယ်ဆိုရင် ဒါမှမဟုတ် လိင်မှုကျန်းမာရေးနဲ့ ပတ်သတ်ပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေ ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အကောင်းဆုံးက သက်တူရွယ်တူတွေနဲ့အတူတူ မေးမြန်းတိုင်ပင်ပြီး အဖြေရှာသင့်ပါတယ်။ သိချင်တဲ့အကြောင်းအရာတွေ ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အလုံးစုံ မဖြေရှင်းနိုင်ရင်တောင်မှ ကိုယ်မတွေးမိတဲ့ အတွေးတစ်ခု ၊ ကိုယ်မသိသေးတဲ့ အဖြေတစ်ခုကို သိကောင်းသိရနိုင်ပါတယ်။
(၃) လိင်မှုအသိပညာ မျှဝေနေတဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပါ
Photo : Free Press Journal
တိုးတက်ပြောင်းလဲလာတဲ့ ဒီဘက်ခေတ်မှာ လိင်မှုရေးရာ အသိပညာ ဗဟုသုတတွေကို လက်ဆင့်ကမ်း မျှဝေပေးနေတဲ့ လူငယ် အဖွဲ့အစည်းတွေ ၊ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေ ပါဝင်တဲ့ NGOs အဖွဲ့အစည်းတွေ အများကြီး ရှိနေပါပြီ။ ဒီလို အဖွဲ့အစည်းတွေ ၊ Community တွေနဲ့ ချိတ်ဆက်ပြီး သူတို့ပြုလုပ်ပေးနေတဲ့ Online/Offline Activities တွေ ၊ ပွဲအခမ်းအနားတွေကို Join ခြင်းဖြင့် လူ့ဘောင်ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ လူမျိုး/ဘာသာရေး ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာ ကန့်သတ်ချက် တွေကြားကနေ ကျော်လွန်ပြီး လိင်မှုအသိပညာ ဗဟုသုတတွေ တိုးပွားလာနိုင်မှာ ဖြစ်ပါတယ်။
Source : Lifehacker
Featured Photo : Boston Clinical Trials