လီဗာပူးကြယ်ပွင့် လူးဝစ်ဒီယက်ဇ် ကတော့ အန်ဖီးလ်မှာ ပျော်ရွှင်နေကြောင်း ဝန်ခံခဲ့ပေမယ့်လည်း ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ စိတ်ဝင်စားနေတဲ့ အပေါ်ကိုလည်း ဆန်းစစ်အကဲဖြတ်နေကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
Photo : Goal.com
ကိုလံဘီယာ လက်ရွေးစင် ကစားသမားကို စပိန်ဘီလူးကြီး ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေ အပါအဝင် ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ လီဗာပူးစတားဟာ ပြီးခဲ့တဲ့ရာသီက ကြိုးကြာနီတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ ခရီးစဉ်မှာ သွင်းဂိုး ၁၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ပေးပြီး အသင်းအတွက် အဓိကအရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။
လက်ရှိ လီဗာပူးနဲ့ လူးဝစ်ဒီယက်ဇ် တို့ရဲ့ စာချုပ်သက်တမ်းမှာ ၂ နှစ် ကျန်ရှိနေသေးပြီး အသင်းဘက်ကနေ ယခုလာမယ့် နွေရာသီမှာ တောင်ပံကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ ဆန္ဒမရှိသေးပါဘူး။ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာအသင်းရဲ့ စုံစမ်းမှုတွေကိုလည်း လီဗာပူးဘက်က ပယ်ချထားခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ ကစားသမားကြားမှာတော့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရယူရာမှာ အလားအလာကောင်းတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၈ နှစ်အရွယ် ကိုလံဘီယာ လက်ရွေးစင်ဟာ လက်ရှိမှာ သူ့အနေနဲ့ ရွေးချယ်စရာတွေကို ချိန်ဆစဉ်းစားနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူ့ရဲ့အနာဂတ် ပတ်သတ်လို့ ” ကျွန်တော်တို့ ဒီနေရာမှာ ရှိနေပါတယ်။ ဆွေးနွေးညှိနှိုင်းမှုတွေကိုလည်း လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အတွက်ရော အသင်းအတွက်ပါ ဘာတွေအောင်မြင်နိုင်မလဲဆိုတာကို ကျွန်တော်တို့ မြင်တွေ့ရမှာပါ။ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချသွားမှာပါ ” လို့ ပြောကြားခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ စိတ်ဝင်းမှုအပေါ် ” ကျွန်တော်ကို စိတ်ဝင်စားတဲ့ ကလပ်အသင်းနဲ့ရော လီဗာပူးနဲ့ပါ စကားပြောပြီး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။ ကျွန်တော်တို့ကို စိတ်ဝင်တစား ချဉ်းကပ်လာတဲ့သူတိုင်းနဲ့ ဆွေးနွေးနေပါတယ်။ ဒါပေမယ့် ကျွန်တော်အခု ရောက်နေတဲ့ ဒီနေရာမှာ အရမ်းပျော်နေပါတယ်။ အခုချိန်မှာ ကျွန်တော်အနေနဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ချနိုင်ဖို့ ကြိုးစားနေပါတယ် ” လို့ ထပ်လောင်းပြောကြား သွားခဲ့ပါတယ်။
လူးဝစ်ဒီယက်ဇ် အနေနဲ့ ဘာစီလိုနာအသင်းကို ပြောင်းဖြစ်မယ်ဆိုပါက စာချုပ်ဖျက်သိမ်းကြေး တောင်းခံသွားဖို့ ရှိတာကြောင့် လက်ရှိမှာ ဘဏ္ဍာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ လာလီဂါဘီလူးကြီးတွေကတော့ လီဗာပူးစတားကို ခေါ်ယူဖို့အတွက် ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။
Featured Photo : Goal.com