ပြီးခဲ့တဲ့ ရက်ပိုင်းက လီဗာပူးအသင်းဟာ ဒီနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ် ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

 Luis Diaz

Photo : SPORTbible

လီဗာပူးအသင်းအနေနဲ့ လက်ရှိ လူငယ်ခြေတက် တိုက်စစ်ကစားသမားတွေကို ပိုင်ဆိုင်ထားသလို လာမယ့် ၂၀၂၅ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မိုဟာမက် ဆာလာ ကို ဦးစားပေး သက်တမ်းတိုးချင်နေတဲ့အတွက် လူးဝစ်ဒီယက်ဇ် ကို လက်လွှတ်ဖို့ အလားအလာ ပိုများနေတာပါ။

ကိုလံဘီယာ လက်ရွေးစင်ဟာ လီဗာပူးအသင်းအတွက် စုစုပေါင်း ပြိုင်ပွဲစုံ ၈၅ ပွဲ ကစားထားပြီး သွင်းဂိုး ၂၂ ဂိုး ၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်နဲ့ ဒီရာသီမှာ ခြေစွမ်းကောင်း ပြသနေတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမှတ်ပေးဖလားပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ၁-၁ ဂိုးစီနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အတွင်းမှာ တောင်ပံကစားသမားဟာ လီဗာပူးအသင်းအတွက် ဂိုးရရှိမယ့်အခွင့်အရေး ၂ ကြိမ်လုံးကို ဖြုန်းတီးပစ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ အန်ဖီးလ်မှာ ဒီယက်ဇ်ရဲ့အနာဂတ်ဟာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သလို အသက် ၂၇ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ စပိန်ကလပ်အသင်းအချို့ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ကိုလံဘီယာအခြေစိုက် သတင်းဌာနတစ်ခုရဲ့ ဖော်ပြချက်အရ ဒီနွေရာသီမှာ လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းက စိတ်ဝင်တစားစောင့်ကြည့်နေတယ်လို့ ဆိုထားပြီး စပိန်ဘီလူးကြီးတွေကတော့ လီဗာပူးနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ပေါ်တိုတိုက်စစ်မှူးဟောင်းနဲ့ ကာလကြည်ရှည် ချိတ်ဆက်မှုတွေ ရှိနေခဲ့တာပါ။

ဒီယက်ဇ် ရဲ့ အေးဂျင့်ဖြစ်သူ ကားလို့စ်ဗန် စထရာလင်ကလည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ တွေ့ဆုံခဲ့ပြီး တောင်ပံကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး စကားပြောဆို ဆွေးနွေးဖြစ်ခဲ့တယ်လို့ စပိန်သတင်းအရင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။

လီဗာပူးအသင်း အနေနဲ့တော့ တောင်ပံကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ကနေ ယူရို သန်း ၁၄၀ ကြား အလိုရှိနေတယ်လို့ သိရပါတယ်။ ဒီလိုမြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပမဏအရဆိုရင်တော့ ဘဏ္ဍာရေး ပြဿနာရှိနေတဲ့ စပိန်ဘီလူးကြီးတွေအတွက် အကြပ်ရိုက်ရမယ့် အခြေအနေပါပဲ။

Luis Diaz

Photo : SPORTbible

ဘာစီလိုနာနဲ့ လူးဝစ်ဒီယက်ဇ် တို့ကြား အပြောင်းအရွှေ့ကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ အခြေအနေမှာရှိနေပြီး ဒီယက်ဇ် ရဲ့ ဖခင်ဖြစ်သူ ထုတ်ပြောကြားခဲ့သလို သူ့ရဲ့အိပ်မက်ကလပ်ဖြစ်တဲ့ နူးကမ့်ကို ရောက်ရှိလာနိုင်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Featured Photo : ClutchPoints