နွေဟာ အရင်လိုလှနေဆဲ ဆိုပေမယ့်လည်း အပူရှိန်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုတက်လာနေတာ ကွီးတို့ မျက်မြင်ပါပဲ။ အခုလို ပူလောင်အိုက်စက်တဲ့ နွေရာသီမှာ အပြင်ကိုသွားလာလှုပ်ရှားနေရသူတွေအဖို့ မလွဲမသွေ ကြုံရနိုင်တဲ့ ပြဿနာတစ်ခုက နေ လောင်ခြင်းပါ။ နေရောင် ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ ကျွန်တော်တို့ရဲ့အရေပြားကို ဆိုးရွားစွာ လောင်ကျွမ်းစေပြီး အသားအရေ ပျက်စီးခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေကတော့ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးဖြစ်တဲ့ မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအထိကို တက်နိုင်သမျှ အပြင်မထွက်ဖို့ အကြံပြုထားပါတယ်။ တကယ်လို့ မဖြစ်မနေ အပြင်ကိုသွားရမယ်ဆိုပါကလည်း နေရောင်ကာကွယ်နိုင်မယ့် ထီး ၊ ဦးထုပ် ၊ အင်္ကျီလက်ရှည်တွေကို ဝတ်ဆင်ပြီး နေလောင်ဒဏ်ကာ ခရမ်င်လိမ်းဖို့ လိုပါတယ်။

အထက်ပါအချက်တွေကို မလိုက်နာမိလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် နေလောင်ဒဏ်ကို ခံစားရပြီဆိုရင်တော့ အသားအရေ အက်ကွဲပျက်စီးခြင်း ၊ ခြောက်သွေ့ယားယံခြင်းတွေကို အထိုက်အလျောက် သက်သာစေဖို့ အခုပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်နိုင်ပါတယ်။

(၁) ရေအေးစိမ်ပါ

Cool water

Photo : Healthline

နေ လောင်တယ်ဆိုတာ နားလွယ်အောင် ပြောရရင် အရေပြား ရောင်ရမ်းခြင်း တစ်မျိုးပါပဲ။ အရေပြား ရောင်ရမ်းခြင်းတွေကို ကုသဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းများတွေထဲက တစ်ခုကတော့ နေလောင်ဒဏ်ကြောင့် ရောင်ရမ်းနေတဲ့ အရေပြားနေရာတဝိုက်ကို အေးမြအောင်ထားဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နေလောင်ဒဏ်ခံစားရပြီဆိုရင် သဘာဝအတိုင်း အေးမြတဲ့ စမ်းရေ သို့မဟုတ် ရေကန်ထဲမှာ ရေစိမ်ပေးပါ။ ကလိုရင်းပါတဲ့ ရေက အသားအရေကို ပိုမိုပျက်စီးစေတာကြောင့် ရေကူးကန်အတွင်း ရေစိမ်တာကိုတော့ ရှောင်ပေးရပါမယ်။ အလားတူ ရေခဲရေစိမ်တာ ၊ ရေခဲနဲ့ တိုက်ရိုက်ကပ်တာမျိုးကိုလည်း အထူးရှောင်ကြဉ်ရပါမယ်။

(၂) မုန့်ဖုတ်ဆိုဒါနဲ့ Oatmeal သုံးပါ

Baking soda and oatmeal

Photo : Treehugger

နေလောင်ဒဏ်ကို ကုစားဖို့ အသုံးဝင်ဆုံး အိမ်သုံးပစ္စည်းတွေကတော့ မုန့်ဖုတ်ဆိုဒါနဲ့ Oatmeal ပါ။ Bathtub သို့မဟုတ် ရေချိုးဇလုံထဲကို ရေအေးအပြည့်ဖြည့်ပြီး မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ – ၃ ဇွန်းခန့်ကို ရောထည့်ပြီး ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်လောက်အထိ ရေချိုးကန်ထဲမှာ ဝင်စိမ်ပေးပါ။ နေလောင်ဒဏ်ကို အတော်အသင့် သက်သာစေပါလိမ့်မယ်။ ထို့နောက် ရေချိုးခန်းထဲကိုပဲ Oats တစ်ခွက်လောက် ထပ်ပေါင်းထည့်ပြီး မိနစ်အနည်းငယ်ခန့် စိမ်ပေးမယ်ဆိုရင် နေ လောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အသားအရေ ယားယံခြင်းတွေကိုသက်သာစေပြီး အသားအ ရေရဲ့ သဘာဝအတိုင်း အစိုဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ ပြီးတဲ့အခါ ရေအေးနဲ့ ရေချိုးပါ။ ရေချိုးပြီးချိန်မှာ အသားအရေကို ခပ်ကြမ်းကြမ်း ပွတ်တိုက်တာမျိုး မလုပ်ပါနဲ့။ တဘက် သို့မဟုတ် မျက်နှာသုတ်ပုဝါနဲ့ ခပ်ဖွဖွ ခြောက်အောင်သုတ်ပေးပါ။

(၃) ရှားစောင်းလက်ပတ် လိမ်းပါ

Aloe vera

Photo : Medical News Today

အသားအရေ နေလောင်ခြင်းကို ကုစားဖို့အတွက် ဆရာကြီးတစ်ပါးကတော့ ရှားစောင်းလက်ပတ် ပါပဲ။ ရှားစောင်းလက်ပတ်ကို နေလောင်ခြင်းအပါအဝင် အသားအရေပြဿနာ တော်တော်များများအတွက် ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ ရှားစောင်းလက်ပတ်ပင်ကို ထက်ခြမ်း,ခြမ်းပြီး အထဲက သဘာဝဂျယ်ကို အသားအရေပေါ် တိုက်ရိုက် လိမ်းပေးခြင်းဖြင့် နေ လောင်ဒဏ်ကို ချက်ခြင်းသက်သာစေပြီး အသားအရေကို အေးမြလန်းဆန်းစေမှာ ဖြစ်ပါတယ်။

(၄) Chamomile (ချန်မိုမိုင်း) လက်ဖက်ရည် ကပ်ပါ

Chamomile tea

Photo : parsa global saffron and tea

Chamomile (ချန်မိုမိုင်း) ကိုတော့ သဘာဝ စိတ်ငြိမ်အေးအဖြစ် တော်တော်များများ အသုံးပြုကြပါတယ်။ ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်တဲ့ Chamomile (ချန်မိုမိုင်း) ဟာ နေလောင်ဒဏ်တွေကိုလည်း အထိရောက်ဆုံး ကုစားပေးနိုင်စွမ်းပါတယ်။  Chamomile (ချန်မိုမိုင်း) အပွင့် (Chamomile (ချန်မိုမိုင်း) အနည်းငယ်ကို ရေနွေးပူပူထဲစိမ်ပြီး အအေးခံထားပါ။ Ready-made Chamomile Tea အထုပ်လေးတွေလည်း သုံးလို့ရပါတယ်။ ထို့နောက် ရလာတဲ့ Chamomile (ချန်မိုမိုင်း) လက်ဖက်ရည်ကို အဝတ်သန့်သန့်နဲ့ စိမ်ပြီး နေ လောင်ထားတဲ့ အရေပြား နေရာတဝိုက်ကို လိုက်ကပ်ပေးပါ။ နေလောင်ဒဏ်ကို သိသိသာသာ သက်သာလျော့ပါးသွားစေပါလိမ့်မယ်။ အကယ်၍ ပန်းဝတ်မှုန်တွေနဲ့ ဓာတ်မတည့်တဲ့သူဆိုရင်တော့ ဒီနည်းလမ်းကို ရှောင်သင့်ပါတယ်။

အသားအရေ နေလောင်ခြင်းတွေ ခံစားရတဲ့အခါ ရေများများသောက်ဖို့လည်း လိုအပ်ပြီး သက်တောင့်သက်သာနဲ့ လေဝင်လေထွက်ကောင်းတဲ့ ပွပွချောင်ချောင် ချည်ထည်အဝတ်တွေ ဝတ်ပေးပါ။ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးဖို့အတွက် Moisturizer လိမ်းပေးဖို့လည်း လိုပါတယ်။

Featured Photo : iStock