ရုပ်ရှင် ဇာတ်ကားတွေ ကြည့်နေရင်းနဲ့ ဇာတ်ကားထဲက ဇာတ်ကောင်တွေကို အားမလို အားမရဖြစ်တာမျိုး၊ ဒီလိုလုပ်ပါလား၊ ဘာလို့ အဲ့လိုလုပ်တာလဲ စသည်ဖြင့် တမြေ့မြေ့နဲ့ ဒေါသထွက်တာမျိုးတွေ ကြုံတွေ့ရဖူးပါသလား။ ဒါဆိုရင်တော့ ကွီးတို့ ကြည့်နေတာ ရှယ် လောင် ရတဲ့ ဇာတ်ကား တွေပဲဖြစ်ပါတယ်။

ဗီလိန်တွေကို ဒေါသထွက်လိုက်၊ မင်းသမီး မင်းသားတွေကို စိတ်ထဲက မတင်မကျဖြစ်လိုက်နဲ့ ရှယ် လောင် နေရတာကို ကြိုက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဇာတ်ကား တွေက ကွီးတို့အကြိုက်နဲ့ ထပ်တူကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(၁) One Flew Over The Cuckoo’s Nest

ထောင်တွင်း အလုပ်ကြမ်းသမားဘဝကနေ လွတ်မြောက်ဖို့ရန်အတွက် McMurphy ဆိုတဲ့ အကျဥ်းသားတစ်ဦးသည် စိတ်ဝေဒနာဖြစ်ချင် ယောင်ဆောင်ကာ စိတ္တဇအဆောင်ဆီသို့ ပြောင်းရွေ့ဖို့အတွက် အကွက်ချပါတော့တယ်။ စိတ္တဇအဆောင်ဆီသို့ ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ စိတ်ထားမကောင်းတဲ့ သူနာပြုဖြစ်သူ Ratched နဲ့ ပြဿနာတက်ပါတော့တယ်။ ထိုသူနာပြုနဲ့ ဘယ်လိုထိပ်တိုက်တွေ့ကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုနိုင်ပါတယ်။

ဒီဇာတ်ကားကတော့ ၁၉၇၅ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး စိတ်ပညာနဲ့ နှီးနွယ်နေတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ One Flew Over the Cuckoo’s Nest ဆိုတဲ့ ဝတ္ထုကို အခြေခံကာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

Source: Rotten Tomatoes Classic Trailers

(၂) The Green Mile

Paul ဆိုတဲ့သူကတော့ အကျဥ်းဦးစီးချုပ်တစ်ယောက်ဖြစ်ပါတယ်။ သူသည် ဂျွန် လို့ အမည်ရတဲ့ အာဖရိကန် အမေရိကန် အကျဥ်းသားနဲ့ တွေ့ဆုံပြီးနောက်မှာတော့ သူ့ခေါင်းထဲမှာ မေးခွန်းတွေ အများကြီး ပေါ်လာပါတော့တယ်။ ဂျွန် ဆိုတာကတော့ မိန်းကလေး ငယ်ငယ်လေးနှစ်ယောက်ကို သတ်တဲ့သူလို့ စွပ်စွဲခံရတဲ့ အကျဥ်းသားတစ်ယောက်ပဲဖြစ်ပါတယ်။ Paul က ဂျွန့်ဆီမှာ စွမ်းအားတစ်ခု ရှိတယ်ဆိုတာကို သိရှိသွားတဲ့နောက်မှာတော့ သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားပါတော့တယ်။

Source: Rotten Tomatoes Classic Trailers

(၃) The Mist

မြို့တစ်မြို့တွင် အင်အားပြင်း မုန်တိုင်းတစ်ခုကြောင့် နေထိုင်သူတွေရဲ့ အိမ်ရာများ အပျက်အစီးနဲ့ ကြုံတွေ့ကြရပါတော့တယ်။ David နှင့် သူ့ရဲ့ သားဖြစ်သူတို့သည် အစားအစာများနှင့် အခြားသော အခြေခံလိုအပ်တဲ့ ပစ္စည်းများ ဝယ်ယူဖို့ရန်အတွက် မြို့ထဲက စတိုးဆိုင်ဆီသို့ ချီတက်လာကြပါတော့တယ်။ စတိုးဆိုင်ထဲတွင် အခြားသော မြို့သူ မြို့သားများနှင့် စည်ကားလျက်ရှိပါတယ်။ တခဏအတွင်းမှာပဲ ရုတ်ချည်းဆိုသလို မြူတွေဆိုင်းကာ တစ်မြို့လုံးကို မြူများ ဖုံးလွှမ်းသွားပါတော့တယ်။ ထိုမြူထဲတွင်လည်း ထူးဆန်းတဲ့ သားကောင်များနှင့် ပြည့်နှက်နေပြီး မြို့သူမြို့သားများကို အန္တရာယ် ပေးလာပါတော့တယ်။ ထိုအခြေအနေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ အဖြေရှာကြည့်လိုက်ပါ။

Source: HDQuality Trailers

(၄) The Boy in the Striped Pajamas

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်ကို နောက်ခံထားကာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဘရူနိုဆိုတဲ့ကောင်းလေးသည် စစ်ဗိုလ်တစ်ဦးရဲ့ သားဖြစ်ပြီး အသက် ၈ နှစ်ပဲ ရှိပါသေးတယ်။ တစ်ရက်မှာတော့ သူနဲ့ သက်တူ ရွယ်တူ ဂျူးကောင်လေးနဲ့ သူငယ်ချင်းဖြစ်သွားပြီး အမြဲတမ်းဆိုသလို သူနဲ့ သွားကစားပါတော့တယ်။

နောက်ထပ်အကြောင်းအရာတွေကတော့ စပွိုင်လာတွေ ပါမှာစိုးလို့ ဒီအထိပဲ ရပ်ထားလိုက်ပါတော့တယ်။ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်ရင်တော့ The Boy in the Striped Pajamas ဇာတ်ကားကိုသာ ကြည့်ရှုလိုက်ပါ။

Source: Andie Caba

(၅) Buried

ဒီဇာတ်ကားကတော့ ၂၀၁၀ ခုနှစ်တုန်းက ဇာတ်ကားပဲဖြစ်ပါတယ်။ အမေရိကန် ထရပ်ကားမောင်းသမားသည် အလစ်တိုက်ခံလိုက်ရပြီးနောက် အခေါင်းတစ်ခုထဲတွင် အပိတ်ခံလိုက် ရပါတော့တယ်။ သူ နိုးလာတဲ့အခါမှာတော့ သူ သတိရလာတဲ့အခါမှာတော့ အခေါင်းထဲတွင် မီးခြစ်တစ်ခုရယ်၊ ဆဲလ်ဖုန်းတစ်လုံးရယ်သာ ရှိကြောင်း သိရှိလိုက်ပါတယ်။ ရုတ်ချည်းဆိုသလို ကြောက်ရွံ့တုန်လှုပ်လာပြီး ရဲစခန်းကို ဖုန်းဆက်ကာ အကူအညီ လှမ်းတောင်းပါတော့တယ်။

ထိုအခေါင်းထဲတွင် အောက်စီဂျင်ကလည်း ဘယ်လောက်မှ မကျန်တော့ဘူးဆိုတော့ သူသည် ဘယ်အချိန်အထိ တောင့်ခံနိုင်မလဲ။

Source: Rotten Tomatoes Trailers

ကွီးတို့ရော လောင် ရတဲ့ ဇာတ်ကား တွေထဲက ဘယ်ဇာတ်ကားတွေကို သဘောအတွေ့ဆုံးပါလဲ။

Featured Image: Freepik