လေ့ကျင့်ခန်းက ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေ လောင်ကျွမ်းစေဖို့ အဓိကအရေးပါတဲ့ နည်းလမ်းတစ်ခု ဖြစ်ပေမယ့် လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်ဖို့ ၊ Gym ရုံမှန်မှန်သွားဖို့ဆိုတာကတော့ လူတိုင်းအတွက် သိပ်မလွယ်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် မပူပါနဲ့ လေ့ကျင့်ခန်းလုပ်တယ်လို့ကို မခံစားရတဲ့ ခန္ဓာကိုယ် အဆီပိုတွေကို တဟုန်းဟုန်း လောင်ကျွမ်းစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ဒါဆို ကွီးတို့ရဲ့ တစ်နေ့တာမှာ ပုံမှန်လုပ်ဆောင်သွားရုံနဲ့ အဆီ ကျစေမယ့် ပျော်ရွှင်စရာ လှုပ်ရှားမှု လေးတွေအကြောင်း ဆက်ဖတ်ကြည့်လိုက်အောင်ပါ။
(၁) အိမ်မွေး တိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားပါ

Photo : Pittsburgh Post-Gazette
ကွီးတို့ရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့ကစားတာက ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့မှာ ပါပီလေးတစ်ကောင်ရှိရင် သူနဲ့အတူတူ လမ်းလျှောက် ထွက်နိုင်ပါတယ်။ ခွေးလေးတွေနဲ့ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ထက်ပိုပြီး လမ်းလျောက်တာက ကယ်လိုရီလောင် ၁၀၀ ကနေ ၃၀၀ ကြားလောင်ကျွမ်းစေပြီး ပျော်ရွှင်မှုဟော်မုန်းကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် ခွေးလေးတွေနဲ့ ကစားတာ ၊ ပြေးတာ စတဲ့ လှုပ်ရှားမှု လေးတွေကလည်း ကိုယ်အလေးချိန်ကျ စေမယ့်အကောင်းဆုံး လေ့ကျင့်ခန်း တွေဖြစ်ပါတယ်။
(၂) အလုပ်ကို စက်ဘီးနဲ့ သွားပါ

Photo : Discerning Cyclist
ကွီးတို့ အိမ်နဲ့ အလုပ်က အရမ်းမဝေး အရမ်းမနီးနဲ့ အကွာအဝေးတစ်ခုမှာ ရှိတယ်ဆိုရင် ကားနဲ့ သွားမယ့် အစား စက်ဘီးကို ပြောင်းသုံးဖို့ အကြံ ပြုချင်ပါတယ်။ အလုပ်ကို စက်ဘီးနဲ့ သွားတာက ဆီဈေးတွေ တက်နေတဲ့ အခုလိုကာလမှာ ကားဆီဖိုးချွေတာရာ ရောက်သလို ပုံမှန်ကိုယ်လက် လှုပ်ရှားမှုတစ်ခု လုပ်ဖြစ်စေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကနေလည်း ရှောင်းရှားနိုင်မှာဖြစ်ပြီး မိနစ် ၃၀ ခန့် စက်ဘီးနင်းရုံနဲ့ ကယ်လိုရီ ၄၀၀ နဲ့အထက် လောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။
(၃) လှုပ်လှုပ်ရှားရှားနေပါ

Photo : iStock
လူတော်တော်များများက အထိုင်များတဲ့ အခြေအနေမှာ အလုပ်လုပ်နေကြရပြီး အလုပ်စားပွဲမှာဘဲ အချိန်အများစုကို ကုန်ဆုံးတက်ကြပါတယ်။ တစ်နေ့တာမှာ အဆီလောင်ကျွမ်းမှုကို တိုးမြှင့်ချင်တယ်ဆိုရင်တော့ ပိုပြီး လှုပ်လှုပ်ရှားရှား နေပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် ၃၀ – ၄၅ မိနစ်ခန့် ထိုင်ပြီး အလုပ်လုပ်ပြီးတိုင်းမှာ ၅ မိနစ်ခန့် အကြော့လျော့တာ ၊ အလုပ်နဲ့ သက်ဆိုင်တဲ့ ဖုန်းကောတွေကို လမ်းလျှောက်ရင်း ပြောတာ ၊ Steve Jobs အမြဲလုပ်နေကြဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ လမ်းလျောက်အစည်းအဝေး ပြုလုပ်တာ ၊ ဓာတ်လှေကား အသုံးမပြုဘဲ ရိုးရိုးလှေကားသုံးတာ စတဲ့အရာတွေ လုပ်နိုင်ပါတယ်။
(၄) ကခုန်ပါ

Photo : A Restless Art
ကခုန်ခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်မယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကခုန်တာက ကိုယ်အလေးချိန်ကျစေတဲ့အပြင် ပျော်စရာကောင်းတဲ့ လှုပ်ရှားမှု တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို တိုက်ထုတ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုထားပါတယ်။
(၅) အိမ်မှုကိစ္စလုပ်ပါ
ကျွန်တော်တို့ သတိမထားမိတဲ့ အဆီကျ စေမယ့် လှုပ်ရှားမှုတစ်ခုက အိမ်မှုကိစ္စ လုပ်တာပါပဲ။ အဝတ်လျှော်တာ ၊ ပန်းကန်ဆေးတာ ၊ အိမ်သန့်ရှင်းရေးလုပ်တာ အပါအဝင် ကလေးထိန်းတာ ၊ ပန်းပင် ရေလောင်းတာ ၊ ခြံရှင်းတာ စတဲ့အလုပ်တွေ အားလုံးက လှုပ်လှုပ်ရှားရှားနဲ့ ချွေးများများ ထွက်စေတဲ့ လှုပ်ရှားမှု တွေဘဲ ဖြစ်ပါတယ်။
Featured Photo : Holland Bike Tours

