အချစ်တစ်ခုမှာ လှည့်ဖြားခြင်း ဂိမ်း သည် နှစ်ဦးနှစ်ဖက်စလုံးအတွက် စိတ်ညစ်စရာကောင်းပြီး စိတ်ပင်ပန်းစေတဲ့အပြင် အဆိပ်အတောက်ဆန်တဲ့ ဆက်ဆံရေးကိုသာ ဖြစ်ပေါ်စေပါတယ်။ ကွီးတို့ကိုယ်တိုင်လည်း ထိုဂိမ်းကို မဆော့သင့်တဲ့အပြင် ကိုယ့်ရဲ့ရှော်တီလေးကလည်း ကိုယ့်ကို လာကစားနေတယ်ဆိုရင် ဘယ်လိုမျိုး တုန့်ပြန်ရမလဲဆိုတာကိုလည်း သိထားသင့်ပါတယ်။
ဘာ့ကြောင့်လူတွေက အချစ်ရေးမှာ လှည့်ဖြားခြင်း ဂိမ်း ကို ကစားချင်ကြတာလဲ။
သူတို့ကိုယ်တိုင်ကလည်း ပလေးဂဲလ်တွေ၊ ပလေးဘွိုင်းတွေ ဖြစ်နေလို့လည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်လည်း ဖြစ်နိုင်သလို သူတို့ရဲ့ အိန္ဒြေ သိက္ခာကို ထိန်းချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေမှာလည်း ကိုယ်က သူ့ကို ကြွေနေရဲ့သားနဲ့ မကြွေချင်ယောင်ဆောင်နေတာသည်လည်း ဟန်ဆောင် လှည့်ဖြားခြင်းတစ်မျိုးပါပဲ။ တချို့လှည့်ဖြားခြင်းတွေက တစ်ဖက်လူအတွက် စိတ်ဒဏ်ရာတွေ ရစေနိုင်တာကြောင့် ပလေးဘွိုင်းတွေ ပလေးဂဲလ်အဖြစ်ကနေ ရပ်တန်းက ရပ်သင့်ပါတယ်။
တကယ်လို့ ပလေးဂဲလ်တွေက ကွီးတို့ကို လာပလေးနေတယ်ဆိုရင် ဘယ်လိုမျိုး တုန့်ပြန်သင့်သလဲ။
စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပါ
ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ ကိုယ့်ရဲ့ နှလုံးသားကို လာကစားနေတဲ့သူတစ်ယောက်ကို စိတ်မဆိုးမဖြစ်နဲ့လို့ မပြောပါဘူး။ စိတ်မဆိုးဘဲ နေရတာသည်လည်း အလွန်အမင်းခက်ခဲနေမှာပါ။ ဒါ့အပြင် ကွီးတို့ရဲ့ ကြောက်ရွံ့တုန်လှုန်နေတဲ့ပုံကိုပြရင် ပိုလို့တောင် ဆိုးသွားပါလိမ့်မယ်။ ဒါ့ကြောင့် အရင်ဦးဆုံး လုပ်ရမှာကတော့ ကိုယ့်ရဲ့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရမှာပါပဲ။ ပြီးတော့ အခုဆက်လက်ဖော်ပြပေးမယ့် နည်းလမ်းများကို ကျင့်သုံးသင့်ပါတယ်။
ပြဿနာ အရင်းအမြစ်ကို ရှာဖွေပါ
ဒီလိုမျိုး ပလေးနေတဲ့ လူတိုင်းက ရည်ရွယ်ချက်ရှိရှိနဲ့ ပလေးနေတာမျိုး မဟုတ်ပါဘူး။ တချို့ကလည်း မရည်ရွယ်ပါဘဲနဲ့ တစ်ဖက်လူကို ပလေးမှန်းမသိ ပလေးနေမိကြတာပါ။
ကိုယ့်ရဲ့ ချစ်သူကောင်မလေးက ဒီလိုမျိုး ကိုယ့်ကို လာပလေးတဲ့အခါ ကွီးတို့ လုပ်ရမယ့်အရာတစ်ခုကတော့ ထိပ်တိုက် မဖြေရှင်းသေးဘဲနဲ့ ခေါင်းအေးအေးထားပြီး ပြဿနာရဲ့ အရင်းအမြစ်ကို သေချာရှာဖွေရမှာဖြစ်ပါတယ်။
ဥပမာ သူ့ရဲ့ အရင်ရည်းစားဟောင်းတွေ၊ သူ့ရဲ့ Relationship ၊ သူ့ရဲ့ ကြီးပြင်းခဲ့ရတဲ့ မိသားစုအခြေအနေ စတာတွေကို ပြန်ကြည့်ကြည့်လိုက်ပါ။ သူ့ရဲ့ ရည်းစားဟောင်းက သူ့အပေါ် သစ္စာဖောက်သွားခဲ့သလား။ (သို့) သူ့ပတ်ဝန်းကျင်မှာ ဒီလိုမျိုး လူမှုရေးဖောက်ပြန်တာတွေကို မျက်မြင်ကြုံတွေ့ခဲ့ရဖူးပါသလား။ လူတစ်ယောက်ကို လွယ်လွယ်ကူကူ မယုံကြည်နိုင်ရလောက်တဲ့အထိ စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင် များခဲ့သလဲ စတာတွေကို ပြန်လည်ဆန်းစစ်ကြည့်လိုက်ပါ။ ထိုအကြောင်းအရာများကြောင့် ပလေးဂဲလ် ဖြစ်မှန်းမသိ ဖြစ်နေရတယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ သူနဲ့ သေသေချာချာ ဆွေးနွေးဖို့ လိုပါလိမ့်မယ်။
ပွင့်ပွင်းလင်းလင်း တိုင်ပင်ပါ
ဘာ့ကြောင့် သူ(မ)က ဒီလိုမျိုးဖြစ်နေရသလဲ။ ကိုယ့်ကို ယုံကြည်အောင် ကိုယ့်ဘက်ကရော ဘာတွေ လုပ်ပေးနိုင်မလဲ။ ချစ်သူတစ်ယောက်အနေနဲ့ သူ(မ)အတွက် အားကိုးအားထားဖြစ်ချင်စရာကောင်းအောင် ဘယ်လိုနေရမလဲ စတာတွေကို ပြောပြပါ။ ကိုယ့်ဘက်က ဘယ်လိုမျိုး နေပေးရင် သူ(မ)ဘက်က ကစားနေတာကို ရပ်တန်းက ရပ်မလဲ စတာတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးလိုက်ပါ။
မသိချင်ယောင်ဆောင်ထားလိုက်ပါ
သူ(မ)က ကိုယ့်ကို လာပလေးတာနဲ့ ကိုယ့်ဘက်ကလည်း သူနဲ့အတူတူ လိုက်ကစားမိဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်က သူနဲ့ ချိန်းတွေးဖို့၊ ရုပ်ရှင်လေး အတူတူ သွားကြည့်ဖို့ ခေါ်တာကို သူ(မ)က ဆင်ခြေမျိုးစုံပေးပြီး မသွားသေးဘူးလို့ ငြင်းလာခဲ့ရင် ကွီးတို့က လျစ်လျူရှုထားလိုက်ပါ။ ထိုကိစ္စကို အာရုံစိုက်နေမိမယ်ဆိုရင် သူ(မ)က နောက်တစ်ကြိမ်လည်း ကွီးတို့ကို အာရုံထပ်စားနေမှာပါ။ ကွီးတို့က ဒီလိုကိစ္စမျိုးတွေကို အတန်းရှင်း မပေးဘူးဆိုရင် သူ(မ)လည်း ပလေးဂဲလ် အဖြစ်ကနေ ရပ်တန်းက ရပ်သွားမှာပဲဖြစ်ပါတယ်။
ကွီးတို့ရဲ့ အမှားမဟုတ်ဘူးဆိုတာကို သတိရပါ
တချို့လူတွေက ဘာကြီးပဲဖြစ်လာ ဖြစ်လာ၊ ကိုယ့်ကိုယ်ကို အပြစ်တင်တာက အရင် လုပ်တတ်ကြပါတယ်။ “ငါသာ ဒီ့ထက်ပိုပြီး ရုပ်ချောမယ်၊ ငါသာ ဒီ့ထက်ပိုပြီး ဟာသဥာဏ်ရွှင်မယ်၊ စိတ်ဝင်စားစရာကောင်းမယ်၊ ပြိုင်ကား တကားကားနဲ့ လုပ်နိုင်မယ်ဆိုရင် ငါ့ချစ်သူက ငါ့ကို ပလေးမှာ မဟုတ်ဘူး” စတဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ချင်တတ်ကြပါတယ်။ အစကတည်းက တမာရွက်လို ခါးနေပြီးသား ဘဝကြီးကို ကွီးတို့က ဘာ့ကြောင့် ကိုယ့်ကိုယ်ကိုယ် မညှာမတာ ဆက်ဆံချင်ရတာလဲ။
အမှန်ကတော့ ကွီးတို့ရဲ့ အမှား (လုံးဝ) မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့ အမှားသာဖြစ်ပါတယ်။ ကွီးတို့နေရာမှာ တခြားတစ်ယောက်သာဆိုလည်း သူတို့က ကစားနေမှာပါပဲ။ ကိုယ်ရဲ့ ဖြစ်တည်မှုကို ဘာမှ ထိုးနှက်နေစရာမလိုပါဘူး။
လမ်းခွဲလိုက်ပါ
ကွီးတို့အနေနဲ့ ဒီလိုမျိုး ပလေးခံနေရတာကို (လုံးဝ)မပျော်တော့ဘူး၊ လုံးလုံးကြီးကို စိတ်ကုန်နေပြီဆိုရင်တော့ ထိုကဲ့သို့ အဆိပ်အတောက်ဆန်တဲ့ သမီးရည်းစား ဆက်ဆံရေးကနေ ချက်ချင်း ရုန်းထွက်ရမှာပဲဖြစ်ပါတယ်။ ကိုယ့်ဘက်က အဆင်ပြေအောင် လိုက်ညှိတယ်။ တစ်ဖက်က ဘယ်လိုမှ သူ့ရဲ့ ပလေးနေတဲ့အကျင့်ကို မပြင်ဘူးဆိုရင်တော့ လမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။ ကွီးတို့ရဲ့ ပျော်ရွှင်မှုသည်သာ ဦးစားပေး ဖြစ်ပါတယ်။ “သူ ပျော်ရွှင်ဖို့အတွက် ကိုယ့် နှလုံးသားကို စတေးပေးမယ်” ဆိုတာတွေက နားထောင်လို့ကောင်းတဲ့ ဂျင်းသပ်သပ်သာဖြစ်ပါတယ်။ ကိုယ့် နှလုံးသားကို စတေးပစ်ရမယ်ဆိုကတည်းက ထိုသူက ကိုယ့်ကို မချစ်လို့ပါ။ ကိုယ့်ရဲ့ အချစ်စစ် အချစ်မှန်ကို တစ်ဖန်ပြန်လည် ရှာဖွေလိုက်ပါ။ ဒါမှသာ ပျော်ရွှင်မှု အစစ်အမှန်ဖြစ်ပါတယ်။
ကွီးတို့ရော ပလေးခံရမှန်းမသိ ခံနေရတဲ့ ဘဝကနေ ဘယ်တော့ ရုန်းထွက်မှာလဲ။
Source: Lovepanky
Featured Image: Freepik