ကွီးတို့ ဝမ်းချုပ်တတ်ပါသလား။ ဝမ်းချုပ်တာ က လူတော်တော်များများ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါပဲ။ လူတစ်ယောက်ဟာ တစ်ပတ်ကို သုံးကြိမ်ထက်နည်းပြီး ဝမ်းသွားတယ်ဆိုရင် ဝမ်းချုပ်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဝမ်းချုပ်တဲ့ အခါ ခံစားရတဲ့ လက္ခဏာတွေကတော့ တစ်ပတ်လျှင် (၂) ကြိမ်ထက်နည်းပြီး ဝမ်းသွားခြင်း၊ မာကြောသော၊ ခြောက်သွေ့သော ဝမ်းများသွားခြင်း၊ ဝမ်းသွားတဲ့ အခါ ညှစ်ရခြင်း၊ ခက်ခဲခြင်း သို့မဟုတ် နာကျင်ခြင်း၊ ဝမ်းများ ကျန်နေတဲ့လို့ ခံစားရခြင်း စသည်တို့ပဲ ဖြစ်ပါတယ်။ ဝမ်းချုပ်တာက ‌ တော်တော်လေးကို ခံရခက်တဲ့ ဝေဒနာတစ်ခု ဖြစ်ပြီး ရေရှည်ဖြစ်လာရင်တော့ လိပ်ခေါင်းရောဂါ၊ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် စအိုကင်ဆာ စတဲ့အသက်အန္တရာယ် ရှိတဲ့ရောဂါတွေ  အထိဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဝမ်းချုပ်တာကို ခံစားနေရပြီး ဝမ်းချုပ်ခြင်းမှ အစဉ်ကင်းဝေး ချင်ပါတယ်ဆိုတဲ့ ကွီး တို့ အတွက် အကြံပြုချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

အမျှင်ဓာတ်ကို လုံလုံလောက်လောက်စားသုံးပါ

ဝမ်းချုပ်ခြင်းမှ အစဉ်ကင်းဝေး

Photo : The Times of India

ဝမ်းချုပ်ခြင်းကို သက်သာစေဖို့ အမျှင်ဓာတ်များများစားဖို့ လိုပါတယ်။ အရွယ်ရောက်ပြီးသား သူတစ်ယောက်အတွက် တစ်နေ့လျှင် အမျှင်ဓာတ် ၂၂ မှ ၃၄ ဂရမ်အထိ စားသင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသော သစ်သီးများ၊ ဟင်းသီး ဟင်းရွက်များ၊ အစေ့အဆန်များကို စားသောက်ခြင်းက အစာခြေစနစ် ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရန် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ပုံမှန်အစာခြေခြင်း လုပ်ငန်းစဉ်ကို ချောမွေ့စွာလည်ပတ်စေပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများထဲမှ အချို့ကတော့

  • ပဲစင်းငုံ၊ ပဲအနက်ရောင်၊ ကျောက်ကပ်ပဲ၊ ပဲပိစပ်နှင့် ကုလားပဲ စသည့် ပဲအမျိုးမျိုး
  • ဘယ်ရီသီး၊ ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ ငှက်ပျောသီး အစရှိတဲ့ အသီးအနှံတွေ
  • မုန်လာဥနီ၊ ဂေါ်ဖီစိမ်း၊ ပဲစေ့စိမ်း စတဲ့ အသီးအရွက်များ
  • အခွံမာသီးများဖြစ်သော ဗာဒံစေ့၊ မြေပဲ၊ နှင့် ပဲတောင့်များ စသည်တို့ပဲ ဖြစ်ပါတယ်။

ရေများများသောက်ပါ

ဝမ်းချုပ်ခြင်းမှ အစဉ်ကင်းဝေး

Photo : Men’ Health

ရေကို လုံလောက်စွာ သောက်သုံးခြင်းက ရေဓာတ်ခန်းခြောက်ခြင်းကို ရှောင်ရှားရန် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝနေခြင်းက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပိုမိုရရှိနိုင်ဖို့အတွက် သဘာဝအတိုင်း ချိုမြိန်သော သစ်သီးနှင့် ဟင်းသီးဟင်းရွက်ဖျော်ရည်များ၊ ဟင်းချိုရည်ကဲ့သို့သော အရည်များကိုလည်း သောက်သင့်ပါတယ်။ ဒီလိုသောက်သုံးခြင်းဖြင့် ဝမ်းများကို ပိုမိုပျော့ပြောင်းစေပြီး ဝမ်းသွားရ လွယ်ကူစေပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

Photo : Muscles & Fitness

အထိုင်များခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကလဲ ဝမ်းချုပ်ခြင်းကို ဖြစ်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ပေးပါက အူမကြီးကို ရွေ့လျားအောင် ကူညီပေးတဲ့အတွက် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ လမ်းလျှောက်ခြင်းကဲ့သို့သော ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းများကပင် ခန္ဓာကိုယ် အတွင်းပိုင်း လှုပ်ရှားစေရန် အကူအညီပေးပါတယ်။ တစ်နေ့ကို အနည်းဆုံးမိနစ် ၃၀ ခန့်လမ်းလျှောက်ပေးပါ။

ဝမ်းချုပ်နေရင် ဘယ်လိုအစားအစာတွေကို ရှောင်သင့်သလဲ

Photo : Health

ကွီး တို့အနေနဲ့ ဝမ်းချုပ်ခြင်းကို ကာကွယ်ရန် ဒါမှမဟုတ် သက်သာစေရန် အမျှင်ဓာတ်မပါဝင်တဲ့ အစားအစာတွေ များများစားခြင်းကို ရှောင်ပါ။ ဥပမာအားဖြင့်

  • အကြော်အလှော်များ
  • အသင့်စားအစားအစာများ
  • အသားများ
  • အေးခဲထားသော အစားအစာများ
  • ပြုပြင်ထားသော အစားအစာတွေနဲ့ သရေစာများ စတာတွေကို ရှောင်ပေးပါ။

အခုဖော်ပြပေးလိုက်တာတဲ့ အချက်လေးတွေကို လိုက်နာခြင်းဖြင့် ကွီးတို့ကို ဝမ်းချုပ်ခြင်းမှ အစဉ်ကင်းဝေး စေဖို့ လုံးဝကို ကူညီပေးနိုင်ပါတယ်။

Source : NIH

Featured Photo : Canadian Digest Health