ဝီစကီအမျိုးအစား များစွာရှိတဲ့အထဲမှာ ဂုဏ်သတင်းကြီးမား ကျော်ကြားတဲ့ ဝီစကီတစ်မျိုးကတော့ စကော့ချ် ဝီစကီ တွေပါပဲ။ စကော့ချ် ဝီစကီတွေက ထူးကဲလေးနက်တဲ့ ဝီစကီအရသာနဲ့ ချောမွေ့ပြေပြစ်မှုကို ပေးစွမ်းပါတယ်။ စကော့ချ် ဝီစကီတွေကို သူ့ချည်းသက်သက် Neat သောက်သလို တချို့ကလည်း On The Rocks ဒါမဟုတ် ရေအနည်းငယ်နဲ့ ရောစပ်ပြီး ဝီစကီရဲ့ လေးနက်တဲ့အရသာကို လျှာဖျားလေးနဲ့ ခံစားကြပါတယ်။ စကော့ချ် ဝီစကီတွေကို အရသာဆန်းသစ်တဲ့ အမိုက်စား ကော့လ်တေးတွေ ဖျော်စပ်ရာမှာလည်း သုံးကြပါတယ်။ ဒီတစ်ခေါက်မှာတော့ စကော့ချ် ဝီစကီ နဲ့ ဖျော်စပ်တဲ့ ကော့လ်တေး များစွာထဲကမှ နာမည်အကြီးဆုံး ကော့လ်တေး တချို့ကို ပြောပြပေးချင်ပါတယ်။
(၁) Rusty Nail

Photo : The Manual
Rusty Nail Drink က လွယ်ကူရိုးရှင်းပြီး လူကြိုက်များတဲ့ စကော့ချ် ဝီစကီ ကော့လ်တေးတစ်ခွက်ပါ။ ပါဝင်ပစ္စည်းတွေအနေနဲ့က စကော့ချ် ဝီစကီနဲ့ ပျားရည် ၊ ဆေးဖက်ဝင်အပင် ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့ ရွှေအိုရောင်အရက် Drambuie ၂ မျိုးတည်းနဲ့ ဖျော်စပ်ပါတယ်။ သံပုယိုခွံလေးအလှဆင်ပြီးသောက်ရတဲ့ ချိုပြင်းခါးအရသာ အမိုက်စား ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။
(၂) Rob Roy

Photo : The Manual
Rob Roy ကော့လ်တေးကတော့ အဝင်မှာ ချိုမြိန်တဲ့ အရသာလေးနဲ့ စတင်ပြီး ခါးသပ်သပ်အရသာလေးနဲ့ အဆုံးသတ်တဲ့ အမိုက်စား ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ Rob Roy ကော့လ်တေးကို စကော့ချ် ဝီစကီ ၊ Sweet Vermouth ၊ Angostura Bitters တို့နဲ့ အဓိက ဖျော်စပ်ပါတယ်။ အအေးခံထားတဲ့ ကော့လ်တေးဖန်ခွက်နဲ့ ချယ်ရီသီးလေး အလှဆင်ပြီး အရသာရှိရှိ တည့်ခင်းရတာ ဖြစ်ပါတယ်။
(၃) Bobby Burns

Photo : The Manual
Bobby Burns ကတော့ Rob Roy ကော့လ်တေးနဲ့ ဖျော်စပ်ပုံချင်း အနည်းငယ် ဆင်တူပါတယ်။ Rob Roy လို့ပဲ စကော့ချ် ဝီစကီ ၊ Sweet Vermouth ၊ Angostura Bitters တို့ပါဝင်ပြီး သူ့မှာ ပြင်သစ် ဆေးဖက်ဝင် အရက်ချိုမွှေး Bénédictine ထပ်ပေါင်း ဖျော်စပ်ထားပါတယ်။ လတ်ဆတ်သင်းပျံ့တဲ့ ရနံ့အတွက် လိမ္မော်ခွံလေးကို ကော့လ်တေးခွက်ထဲ စိမ်ပြီး တည့်ခင်းရတာ ဖြစ်ပါတယ်။
(၄) Presbyterian
Photo : The Manual
Presbyterian ကော့လ်တေးကလည်း ပါဝင်ပစ္စည်း ၂ မျိုးတည်းသာပါဝင်တဲ့ လွယ်ကူရိုးရှင်း တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။ စကော့ချ်ဝီစကီနဲ့ Ginger Ale ကို ရောစပ်ဖျော်ထားပါတယ်။ ရေခဲဖြည့်ထားတဲ့ Highball ဖန်ခွက်ထဲကို စကော့ချ် ဝီစကီ ထည့်ပြီး အပေါ်က Ginger Ale ခွက်အပြည့် လောင်းထည့်လိုက်ရုံပါပဲ။ လန်းဆန်းချိုမွှေးတဲ့ ကော့လ်တေး အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။
Featured Photo : 30Seconds
 
											
				 
									
 
	 
	 
	 
	 
	 
	