ယနေ့ခေတ်မှာ လူကြိုက်အများဆုံး ကော့လ်တေး များထဲက တစ်ခု ဖြစ်တဲ့ Manhattan ကော့လ်တေး ကတော့ ၁၈၇၀ ပြည့်လွန်နှစ်များ မှစတင် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကော့လ်တေးရဲ့ အစကတော့ New York City မှာရှိတဲ့ Manhattan Club လို့ ခေါ်တဲ့ ကလပ်တစ်ခုမှာ တီထွင်ခဲ့တဲ့ အဖျော်ယမကာကို အခုလို နာမည်ပေးခဲ့တာလို့ ဆိုပါတယ်။ Manhattan ကော့လ်တေးက International Bartender Association လို့ခေါ်တဲ့ IBA ရဲ့ တရားဝင် ကော့လ်တေးများ စာရင်းတွင် ပါဝင်တဲ့ ဂန္ထဝင်ကော့လ်တေး တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီကော့လ်တေးကို ဘား တော်တော်များများမှာ ရနိုင်ပါတယ်။ ဒီလူကြိုက်များတဲ့ ဝီစကီ ကော့လ်တေးဖြစ်တဲ့ Manhattan ကော့လ်တေးကို ကွီးတို့ကိုယ်တိုင် ဖျော်စပ်သောက်သုံးနိုင်အောင် ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

Manhattan ကော့လ်တေး ဖျော်စပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းများကတော့

ဝီစကီ Manhattan

Photo : Jo Cooks

(၁) ဝီစကီ ၂ အောင်စ
(၂) Sweet Vermouth ၁ အောင်စ
(၃) Angostura Bitters အနည်းငယ်
(၄) ရေခဲများ
(၅) အလှဆင်ရန်အတွက် ချယ်ရီသီး သို့မဟုတ် သံပုရာ အခွံလေးများ စသည်တို့ လိုအပ်ပါတယ်။

ဒီပါဝင်ပစ္စည်း ထဲမှာ ပါဝင်တဲ့ Sweet Vermouth ဆိုတာကတော့ ဆေးဖက်ဝင်အပင်များပါဝင်ပြီး အနံ့ အရသာရှိသော ဝိုင်တစ်မျိုး ဖြစ်ပါတယ်။ ၁၉ ရာစုနှောင်းပိုင်းတွင် ကော့တေးများ အတွက် အဓိကပါဝင်ပစ္စည်းအဖြစ် Bar Tenders များအကြား ရေပန်းစားလာခဲ့ပြီး အသုံးပြုလာခဲ့ပါတယ်။ နောက်ထပ်ပါဝင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ Angostura Bitters ကလည်း ဆေးဖက်ဝင်အပင်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကို အခြေခံပြီး စုစည်းထားသော အခါးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ၎င်းကို အနံ့အရသာရှိသော အဖျော်ယမကာများ သို့မဟုတ် အစားအစာအတွက် မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ ကွီးတို့ အနေနဲ့ အရသာရှိတဲ့ ကော့လ်တေးတွေ ဖျော်စပ်သောက်သုံးရတာ သဘောကျတယ်ဆိုရင်တော့ ဒီပါဝင်ပစ္စည်းတွေကို စုဆောင်းထားတာ မမှားပါဘူး။

ပါဝင်ပစ္စည်းတွေ ပြင်ဆင်ပြီးသွားပြီ ဆိုရင်တော့ ဝီစကီ ကော့လ်တေးဖြစ်တဲ့ Manhattan ကော့လ်တေး ဖျော်စပ်ဖို့ အဆင်သင့် ဖြစ်ပါပြီ။ ဖျော်စပ်ပုံကတော့

ဝီစကီ Manhattan

Photo : A Spicy Perspective

(၁) ပထမဦးစွာ ဝီစကီနဲ့ Sweet Vermouth တို့ကို ရေခဲထည့်ထားသော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။ ပြီးလျှင် Angostura bitters ကို နှစ်စက် ခန့် ထည့်ပြီး သမအောင် မွှေလိုက်ပါ။
(၂) ထို့နောက် ရရှိလာသော ကော့လ်တေးများကို ကွီးတို့ တည့်ခင်းဧည့်ခံမဲ့ ဖန်ခွက်ထဲသို့ ‌လောင်းထည့်လိုက်ပါ။
(၃) နောက်ဆုံးအနေနဲ့ ချယ်ရီသီများနဲ့ အလှဆင်လိုက်ပါ။ ချယ်ရီသီးအစား သံပုရာခွံလေးများကို အသုံးပြုလည်းရပါတယ်။

cocktails

Photo : PUNCH

ဒါဆိုရင်တော့ လူကြိုက်များတဲ့ ဝီစကီ ကော့လ်တေးဖြစ်တဲ့ Manhattan ကော့လ်တေး တစ်ခွက် ဖျော်စပ်လို့ ပြီးပါပြီ။ ဒီကော့လ်တေးဟာ ညစာစားပွဲတွေ ၊ ပါတီတွေမှာ ထည့်သွင်း ဧည့်ခံလို့ကောင်းတဲ့ ကော့လ်တေးပဲ ဖြစ်ပါတယ်။

Source : Liquor.com

Featured Photo : Milk Library