ဝီစကီ သောက်နည်းနဲ့ အကြိုက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ များသောအားဖြင့်တော့ ဝီစကီနဲ့ Coca-Cola အရောအစပ်ကို တော်တော်များများ ကြိုက်နှစ်သက် သောက်ဖြစ်ကြပါတယ်။ ပြင်ဆင်ဖျော်စပ်ရတာလည်းလွယ်ရိုးရှင်းပြီး လူတိုင်းနီးပါသောက်လို့ အဆင်ပြေတဲ့ အရသာမျိုးကို ပေးပါတယ်။ ကွီးတို့အနေနဲ့ ဝီစကီကို Coca-Cola နဲ့ပဲ ရောစပ်သောက်ရတာ ငြီးငွေ့နေပြီဆိုရင်တော့ နောက်ထပ် ဝီစကီ နဲ့ ရောစပ်သောက်လို့အဆင်ပြေမယ့် Mixers ၅ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) Club Soda

Photo : Reader’s Digest

ဝီစကီနဲ့ Club Soda လို့ပြောလိုက်ရင် Highball ကော့လ်တေးကို အရင်ဆုံး ပြေးမြင်မိကြပါလိမ့်မယ်။ ဝီစကီ ၊ Club Soda ၊ သံပုရာသီးနဲ့ ရေခဲတို့ကို ပေါင်းစပ်လိုက်ရုံနဲ့ အရသာရှိတဲ့ ဝီစကီ Highball Drink ကို သောက်လို့ရပြီ ဖြစ်ပါတယ်။ ဝီစကီကို Soda နဲ့ သီးသန့်ရောစပ်သောက်လို့ ရသလို သံပုရာသီး ၊ ဂရိတ်ဖရုသီး ၊ လိမ္မော်သီးနဲ့ Bitters အနည်းငယ်တို့ ပေါင်းစပ်ပြီးလည်း ဆန်းသစ်တဲ့ အရသာအသစ်ကို မြည်းစမ်းနိုင်ပါတယ်။

(၂) Ginger Beer

Photo : Dan Murphy’s

Ginger Beer ရဲ့ အရသာက ချဉ်တင်တင်စပ်တက်တက် ခပ်ရှရှအရသာ ရှိပါတယ်။ ပုံမှန်ကတော့ Ginger Beer ကို ဗော့ဒ်ကာနဲ့ ရောစပ်ဖန်တီးထားတဲ့ Moscow Mule လို ကော့လ်တေးတွေမှာ အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပါတယ်။ ဒါပေမယ့် Ginger Beer က ဘော်ဘွန်းဝီစကီနဲ့ ရောစပ်သောက်မယ်ဆိုရင်လည်း သိပ်ကိုလိုက်ဖက်တဲ့ အတွဲအစပ်တစ်မျိုး ဖြစ်ပါတယ်။ ဘော်ဘွန်းဝီစကီ ၊ Ginger Beer နဲ့ သံပုရာသီးတို့ ရောစပ်လိုက်ရင် ထူးခြားဆန်းသစ်တဲ့ အရသာအသစ်ကို ခံစားရစေမှာပါ။

(၃) Apple Cider

Photo : The Manual

ဝီစကီ နဲ့ နောက်ထပ်ရောစပ် သောက်လို့ကောင်းတဲ့ Mixer တစ်မျိုးကတော့ Apple Cider ပါ။ ဝီစကီနဲ့ Apple Cider အရောအစပ်ဟာ ပူပူအေးအေး ရာသီမရွေး သောက်လို့အဆင်ပြေပါတယ်။ တချို့ကလည်း Vanilla ၊ သစ်ကြံပိုးခေါက်တို့နဲ့ ရောစပ်ပြီး သောက်ကြသလို Ginger Beer ၊ Soda Water တွေနဲ့လည်း ဖျော်စပ်သောက်လေ့ ရှိပါတယ်။

(၄) Coffee

Photo : NewsNation

Coffee နဲ့ ဝီစကီ တို့ရဲ့ပေါင်းစပ်မှုက ဘယ်တော့မရိုးနိုင်တဲ့ ထူးကဲဆန်းသစ်တဲ့ အရသာကို ပေးစွမ်းပါတယ်။ Irish Coffee စစ်စစ်ဟာ အခါးဓာတ် အနည်းငယ်ပိုကဲတာကြောင့် တချို့ အချိုကြိုက်သူတွေကတော့ သကြားအနည်းငယ် ထည့်သောက်ကြပါတယ်။ အရသာပိုမိုကောင်းစေဖို့ Whipped Cream ဒါမှမဟုတ် ချောကလက် အလိပ်လေးတွေနဲ့လည်း ရောစပ်လို့ရပါတယ်။ Coffee နဲ့ ဝီစကီကို ရေခဲရောစပ်ပြီးလည်း Cold Brew အနေနဲ့ သောက်နိုင်ပါတယ်။

(၅) Lemonade

Photo : Blossman Gas

ခက်ခဲပင်ပန်းတဲ့ တစ်နေ့ကို ဖြတ်သန်းပြီးချိန်မှာ အကောင်းဆုံး အနားယူမှုအတွက် ပြီးပြည့်စုံတဲ့ အရောအစပ်တစ်ခုကတော့ သံပုယိုရည်နဲ့ ဝီစကီပါပဲ။ သံပုယိုရည်ဟာ ချဉ်ပြုံးပြုံး ချိုတိုတို အရသာရှိပါတယ်။ သံပုယိုရည်နဲ့ ဝီစကီကို ပေါင်းစပ်လိုက်မယ်ဆိုရင်တော့ ချိုချဉ်ပြင်းရှအရသာနဲ့ လန်းဆန်းတဲ့ ခံစားမှုကို အပြည့်အဝရစေမှာ ဖြစ်ပါတယ်။

Featured Photo : Tasting Table