ဝေဖန်မှုဒဏ်တွေကို ကောင်းကောင်းခံနိုင်တာဟာ အောင်မြင်မှုရဲ့ လမ်းစလို့ ပြောကြပါတယ်။ ကျွန်တော်တို့ ဘဝမှာ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုဒဏ်တွေကို ကြုံရနိုင်ပါတယ်။ လူသိများ ထင်ပေါ်ကျော်ကြားလာလေ ဝေဖန်မှုနဲ့ ပိုပြီး ကြုံရနိုင်လေ ဖြစ်ပါတယ်။ ဝေဖန်မှု တွေဟာ တစ်ခါတစ်လေမှာ ကျွန်တော်တို့ဘဝကို ခွန်အားတွေ ရစေနိုင်ပေမယ့် တစ်ခါတစ်ရံမှာတော့ ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကြောင့် စိတ်ရောကိုယ်ပါ ပြိုလဲသွားရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်တက်ပါတယ်။ ဒီတော့ ဝေဖန်မှုတွေနဲ့ ကြုံလာတဲ့အခါတိုင်းမှာ ဘယ်လိုမျိုး အကောင်းဆုံး တုံ့ပြန်သင့်လဲဆိုတာ သိထားသင့်ပါတယ်။

(၁) မပြောခင် နားထောင်ပါ

Photo : LinkedIn

ဝေဖန်ခံရတဲ့အခါ ဒေါသစိတ်နဲ့ ချက်ချင်း တုံ့ပြန်တာမျိုး မလုပ်သင့်ပါဘူး။ တစ်ချို့ဝေဖန်မှုတွေဟာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို အမှန်တကယ်ထောက်ပြပေးနေတဲ့ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက် ကောင်းစေချင်လို့ ဝေဖန်ထောက်ပြတဲ့ အကြံပြုချက်တွေဆိုရင် ကြိုဆိုလက်ခံသင့်ပါတယ်။ ဒါကြောင့် ဝေဖန်ခံရတဲ့အခါ ချက်ချင်းတုန့်ပြန်တာထက် ဝေဖန်သူရဲ့ စကားကို ဆုံးအောင်နားထောင်ပြီးမှ တုန့်ပြန်ဖို့ စဉ်းစားသင့်ပါတယ်။

(၂) မေးခွန်းမေးပါ

Photo : Unsplash

ဝေဖန်မှုတွေကို တုန့်ပြန်တော့မယ်ဆိုရင် တန်ပြန်မေးခွန်းတွေက အထိရောက်ဆုံးပါပဲ။ အခြေအနေ အကြောင်းအရာတစ်ခုဟာ လူတစ်ယောက်နဲ့ တစ်ယောက် နားလည်ပုံပေါ်မူတည်ပြီး ကွဲပြားသွားစေနိုင်ပါတယ်။ အချို့လူတွေဟာ ကိုယ့်ရဲ့ တွေးခေါ်ပုံ ၊ အမြင်တွေနဲ့ ကွဲလွဲတာနဲ့ ဝေဖန်ကဲ့ရဲ့မှုတွေကို စတင်လုပ်တက်ကြပါတယ်။ ဒီအတွက်ကြောင့် အခြေအနေကို ရှင်းရှင်းလင်းလင်းဖြစ်စေဖို့ ဝေဖန်သူကို တန်ပြန်မေးခွန်းတွေမေးပြီး နားလည်မှု အရင်ဆုံး တည်ဆောက်သင့်ပါတယ်။ အကယ်၍ ဝေဖန်တာမဟုတ်ပဲ တိုက်ခိုက်ရုံသပ်သပ်ပဲဆိုရင်တော့ လျစ်လျူရှုလိုက်တာ အကောာင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၃) ပညာသားပါပါ တုန့်ပြန်ပါ

Photo : QuotesGram

ဒီအချက်က တကယ်ကို အရေးပါပါတယ်။ ဝေဖန်မှု တွေ ကြုံလာတဲ့အခါ အရင်ဆုံး ပြာမသွားဖို့ ကိုယ့်ကိုယ်ကို ထိန်းသင့်ပါတယ်။ အတက်နိုင်ဆုံး စိတ်ရောရုပ်ပါ တည်တည်ငြိမ်ငြိမ်ရှိအောင် ထိန်းထားပြီး ထိထိမိမိ ၊ အချက်အလက်ကျကျ ၊ ပညာသားပါပါ ချေပတုန့်ပြန်တက်ဖို့ လိုပါတယ်။ ဝေဖန်သူတွေကို အလဲထိုးဖို့ ကြိုးဝိုင်းပေါ်တက်စရာ မလိုပါဘူး။ ပညာသားပါတဲ့ စကားလုံး ၊ တုန့်ပြန်မှုအချို့နဲ့ အနိုင်ယူပစ်လို့ ရပါတယ်။

(၄) အကောင်းဆုံး လုပ်ပြပါ

Photo : Inspired2go

ဝေဖန်ခံရချိန်မှာ အနည်းနဲ့အများ စိတ်ဓာတ်ယိုင်နဲ့သွားတာမျိုး ဖြစ်တက်ပါတယ်။ ကိုယ်လုပ်နေတဲ့ အရာတွေက မှားနေသလား ၊ ရပ်တန့်လိုက်သင့်သလား ဆိုတဲ့ တွေဝေစိတ်တွေလည်း ဝင်လာတက်ပါတယ်။ တကယ်တော့ လက်လျော့ အရှုံးပေးတာဟာ ဝေဖန်မှုတွေကို တုန့်ပြန်တဲ့ နည်းလမ်းကောင်းတစ်ခု မဟုတ်ပါဘူး။ တကယ်က အကောင်းဆုံး ဆက်ကြိုးစားပြီး အကောင်းဆုံးဆိုတဲ့ ရလဒ်တစ်ခုကို ချပြနိုင်ဖို့က အဓိကပါ။ ဒါဟာ ဝေဖန်မှုတွေကို ထိထိရောက်ရောက် အနိုင်တိုက်ယူတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : Canada Coach Academy