အမျိုးသား မှန်ရင် သတိထားရမယ့် ရောဂါပြဿနာတွေထဲမှာ ဝှေးစေ့ကင်ဆာဟာ တစ်ခုအပါအဝင်ပါပဲ။ ဝှေးစေ့ကင်ဆာ ရောဂါကတော့ တော်ရုံ ဖြစ်လေ့ဖြစ်ထ မရှိတဲ့ ရောဂါတစ်ခု ဆိုပေမယ့်လည်း ပေါ့ဆလို့ မရတာ အမှန်ပါ။ ဆယ်ကျော်သက်အရွယ် ကနေ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေမှာ ရောဂါဖြစ်နိုင်ခြေ ပိုများပြီး ပြင်းထန်တဲ့ ရောဂါဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကွီးတို့ သတိထားရမယ့် ဝှေးစေ့ကင်ဆာရောဂါရဲ့ အချက်ပြ လက္ခဏာတွေကို ပြောပြပေးပါမယ်။
Photo : Beacon Hospital
ဝှေးစေ့မှာ အဖုအကျိတ်တွေ စမ်းမိခြင်း – ဝှေးစေ့ကင်ဆာရဲ့ အစောပိုင်း လက္ခဏာတစ်ခုကတော့ ဝှေးစေ့မှာ အဖုအကျိတ် တစ်ခုခု စမ်းမိတက်ပြီး အဖုအကျိတ်တွေဟာ ရောင်ရမ်းတာ သို့မဟုတ် အနည်းငယ် ပိုကြီးလာမျိုး ဖြစ်တက်ပါတယ်။ ပုံမှန်အားဖြင့် ဝှေးစေ့အကျိတ်တွေဟာ နာကျင်မှုကို ခံစားရလေ့ မရှိပေမယ့် အချို့ကတော့ နာကျင်မှု ခံစားရတတ်ပါတယ်။ အချို့သော ဝှေးစေ့ကင်ဆာရောဂါရှိနေတဲ့ အမျိုးသားတွေမှာဆိုရင် ဝမ်းဗိုက်အောက်ပိုင်း သို့မဟုတ် ကပ်ပယ်အိတ်အတွင်း လေးလံခြင်း သို့မဟုတ် နာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။
ရင်သားများ ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း – ဝှေးစေ့ကင်ဆာ ဆဲလ်တွေဟာ ရင်သားများ ရောင်ရမ်းခြင်း သို့မဟုတ် နာကျင်ခြင်း ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ ကင်ဆာဆဲလ်အကျိတ်တွေဟာ ရင်သားရောင်ရမ်းကြီးထွားမှုကို လှုံ့ဆော်ပေးတဲ့ Human Chorionic Honadotropin (HCG) လို့ခေါ်တဲ့ ဟော်မုန်းတွေကို များစွာ ထုတ်လွှတ်ပေးတာကြောင့် ဖြစ်ပါတယ်။ အချို့သော Leydig ဆဲလ်အကျိတ်တွေကတော့ ရင်သား ရောင်ရမ်းမှု ဒါမှဟုတ် လိင်စိတ်ဆန္ဒကို ကျဆင်းစေတဲ့ အီစထရိုဂျင်ဟော်မုန်းတွေကို ထုတ်လွှတ်စေပါတယ်။
ဝှေးစေ့ကင်ဆာရဲ့ နောက်တဆင့် ရောဂါလက္ခဏာများ
Photo : Verita Life
ရောဂါအခြေအနေ ပြင်းထန်လာတာနဲ့အမျှ ကင်ဆာဆဲလ်တွေဟာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဆီကိုလည်း ပျံ့နှံ့သွားနိုင်ပြီး အများစုကတော့ ချက်ချင်း လက္ခဏာမပြနိုင်ပါဘူး။ ဒါပေမယ့် တချို့အမျိုးသားတွေမှာတော့ အောက်ဖော်ပြပါအချက်တွေ ကြုံတွေ့ရနိုင်ပါတယ်။
- ကင်ဆာဆဲတွေဟာ Lymph Nodes လို့ခေါ်တဲ့ ပဲစေ့အရွယ် ဝမ်းဗိုက်အနောက်ဘက် ခါးမှာတဲ့ ခုခံအားဆဲလ်တွေဆီ ပြန့်နှံ့သွားခြင်းကြောင့် ခါးနာခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။
- အဆုတ်အတွင်း ကင်ဆာဆဲလ်တွေ ပျံ့နှံ့လာခြင်းကြောင့် အသက်ရှုကြပ်ခြင်း ၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် ချောင်းဆိုးခြင်း ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
- ကင်ဆာဆဲလ်တွေ အသည်းဆီသို့ ပျံ့နှံ့လာတဲ့အခါမှာ ပြင်းထန်တဲ့ ဗိုက်အောင့်ခြင်း ဝေဒနာကို ခံစားရနိုင်ပါတယ်။
- ဦးနှောက်ဆီသို့ ကင်ဆာဆဲလ်တွေ ပျံ့နှံ့သွားတဲ့အခါမှာလည်း ခေါင်းကိုက်ခြင်း သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း တွေကို ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။
ဝှေးစေ့ကင်ဆာနဲ့ ပတ်သတ်ပြီး သံသရရှိတယ် ဒါမှမဟုတ် အထက်မှာပြောပြခဲ့တဲ့ ရောဂါလက္ခဏာတွေ ခံစားနေရတယ် ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းချင်ပါတယ်။
Source : American Cancer Society
Featured Photo : MedicalNewsToday