ဝဿန် ကာလ မိုးရာသီမှာ ခရီးသွား တဲ့အခါ လွမ်းဆွတ်ငေးမောဖွယ်ရာ ခံစားချက်ကို ပေးစွမ်းမှာပဲ ဖြစ်ပါတယ်။ မိုးတဖွဲဖွဲကျနေတဲ့ ဝဿန် အချိန်မှာ ခရီးသွား တာဖြစ်တဲ့အတွက်ကြောင့် ဂရုပြုရမယ့်အရာတွေကလည်း များပါတယ်။ ကွီးတို့အနေနဲ့ အခုဖော်ပြပေးမယ့် အရာများကို သတိထားဆင်ခြင်မှသာလျှင် ဝဿန် ကာလမှာ ခရီးသွား တဲ့အခါ ပျော်ရွှင်ဖွယ်ကောင်းမှာပဲ ဖြစ်ပါတယ်။
အဝတ်အစားများ
ကွီးတို့ အိမ်ကနေ စထွက်ချိန်မှာ နေပူကောင်းနေပူပေမယ့် လမ်းတစ်ဝက်ရောက်မှ မိုးရွာချနိုင်ပါတယ်။ ဒီလိုမိုးရွာချတဲ့အခါ မိုးမမိဖို့အတွက် ထီးတစ်ချောင်း အမြဲသယ်သွားပါ။ ဒါ့အပြင် အဝတ်အစားများ ထုပ်ပိုးတဲ့အခါမှာလည်း မိုးရာသီနဲ့ အဆင်ပြေမယ့် အဝတ်အစားများ ထုပ်ပိုးသွားပါ။ ဖိနပ်ဆိုရင်လည်း လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်မျိုးကို ရွေးချယ်သင့်ပါတယ်။ နို့မဟုတ်ရင် ရေစိုစိ စိုစိနဲ့ လေဝင်လေထွက်မကောင်းတဲ့အခါ မှိုနှင့် ဘက်တီးရီးယားများ စွဲကပ်ခြင်းကြောင့် ခြေထောက်များ ယားယံတတ်ပါတယ်။
အစားအစာများ
ကားလမ်းပိတ်တာမျိုးတွေ၊ ပိတ်ရက်လိုအချိန်မျိုးမှာ ခရီးသွားတဲ့သူများတဲ့အတွက်ကြောင့် ကားပေါ်မှာ အဆာပြေစားနိုင်မယ့် မုန့်ပဲ သွားရေစာလေးတွေ ဝယ်သွားသင့်ပါတယ်။ မုန့်အခြောက်အခြမ်းလေးတွေ ဝယ်သွားမယ်ဆိုရင်တော့ ကွီးတို့ ဗိုက်ဆာတဲ့အခါ ကားပေါ်မှာ အဆင်သင့်စားလိုက်ရုံပါပဲ။
လမ်းဘေးစာများ မစားပါနဲ့
ဘယ်လောက်ပဲ သန့်ရှင်းအောင် လုပ်ထားတယ်ပြောပြော မိုးရာသီဆိုရင် ယင်နားစာတွေ မစားတာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ခရီးသွားတဲ့အချိန်မျိုးမှာ ပိုလို့တောင် မစားသင့်ပါဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်ဆိုရင် ခရီးသွားရတာလည်း စိတ်ပြောလက်ပျောက်သွားလို့ရမှာမဟုတ်တော့ပါဘူး။ ဒါ့အပြင် ကိုယ် သောက်နေကျဆေးတွေက အဆင်သင့် ဝယ်လို့မရရင် ဝေဒနာ ပိုခံစားရမှာပဲ ဖြစ်ပါတယ်။
ခရီးဆောင် ဓာတ်မီးအသေး
မိုးကလည်း ချုပ်နေပြီ၊ ကွီးတို့ကလည်း ဘယ်နား ရောက်လို့ ရောက်နေမှန်း မသိတဲ့ အရေးပေါ် အခြေအနေမျိုးမှာ ဓာတ်မီးက အသုံးဝင်လာပါပြီ။ ဓာတ်မီးရဲ့ အလင်းရောင်ကို အားပြုကာ အကူအညီလှမ်းတောင်းနိုင်ပါတယ်။
ဖုန်းမီးကို အားမကိုးပါနဲ့။ ဖုန်းအားကို ခြွေတာရမှာဖြစ်တဲ့အတွက်ကြောင့် ဘက္ထရီဓာတ်မီးကိုသာ အသုံးပြုသင့်ပါတယ်။
သေချာလေ့လာပါ
ကွီးတို့က တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို သွားလာမယ်ဆိုရင် မသွားခင် အရင်ဦးဆုံး ကြိုတင်လေ့လာထားသင့်ပါတယ်။ တချို့လမ်းတွေက မိုးတွင်းကြောင့် ရေကြီးပြီး ပိတ်ထားတာမျိုးရှိရင် ဘယ်လမ်းကနေ သွားရမလဲ၊ မိုးတွင်းဆိုရင် ဘယ်ဟိုတယ်တွေက တည်းလို့ကောင်းသလဲ အစရှိတဲ့ သတင်းအချက်အလက်စုံစုံလင်လင်ကို မသွားခင်ကတည်းက ကြိုတင်လေ့လာထားပါ။
ပလပ်စတစ်အိတ်များ သယ်သွားပါ
ရေစို အဝတ်အစားများ၊ ရေစိုဖိနပ်များကို သီးသန့်ထုပ်ပိုးဖို့ရန်အတွက် ပလပ်စတစ်အိတ် အနည်းငယ် သယ်သွားလိုက်ပါ။ ဒါ့အပြင် လျှပ်စစ်ပစ္စည်းများကို ရေမစိုဖို့ရန်အတွက် ပလပ်စတစ်ခံပြီး ထုပ်ပိုးသွားပါ။ နို့မဟုတ်ရင် လျှပ်စစ်ပစ္စည်းတွေက မိုးရေကြောင့် စိုရွှဲကာ ပျက်စီးသွားပါလိမ့်မယ်။
အရှိန်လျော့ပါ
ဒီအချက်က အရေးအကြီးဆုံးပါပဲ။ မိုးတွင်းဖြစ်တဲ့အတွက်ကြောင့် ကတ္တရာလမ်းမတွေသည် မိုးရေများကြောင့် ချောတတ်ပါတယ်။ မိုးရာသီမှာ ကားမောင်းတဲ့အခါ အရှိန်များများနဲ့ မောင်းမယ်ဆိုရင် ယာဥ်မောင်းသူရော ကားပေါ်က ခရီးသည်များအားလုံးအတွက် အန္တရာယ်များတာကြောင့် အရှိန်လျော့ပြီး မောင်းသင့်ပါတယ်။
ဒီအချက်တွေကို သိထားမယ်ဆိုရင်တော့ မိုးတွင်းကာလမှာ ခရီးသွားတဲ့အခါ ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးသွားနိုင်မှာပဲဖြစ်ပါတယ်။
Source: Holidify
Featured Image: Freepik