ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာပေါ်မှာ အံ့ဩဖွယ်ရာကောင်းတဲ့ ထူးထူးခြားခြား နေရာတွေ အများကြီး ရှိနေပါတယ်။ ပိုပြီး ထူးဆန်းတာက လူတွေဆောက်လုပ်ဖန်တီး ထားတာမဟုတ်ပဲ သူ့အလိုလို သဘာဝအလျောက် ဖြစ်တည်နေတဲ့ အံ့ဖွယ် နေရာတွေ တည်ရှိနေတာပါ။ ဒီဆောင်းပါးလေးမှာတော့ ခရီးသွားချစ်သူတွေ သွားရောက်လည်သင့်တဲ့ သဘာဝကပေးစွမ်းတဲ့ ထူးထူးခြားခြား ကမ္ဘာ့ အံ့ဖွယ် နေရာတွေကို တင်ဆက်ပေးချင်ပါတယ်။
(၁) Sahara

Photo : Touropia
Sahara အကြောင်းကို စာအုပ်တွေ ၊ ရုပ်ရှင်တွေထဲမှာ မကြာခဏဆိုသလို တွေ့ဖူးကြားဖူး ကြပါလိမ့်မယ်။ Sahara ဆိုတာကတော့ အာဖရိကမြောက်ပိုင်း နေရာအများစုကို လွှမ်းခြုံထားတဲ့ အမေရိကန်နိုင်ငံ အကျယ်အဝန်းလောက်ကိုရှိတဲ့ ကမ္ဘာ့ အကြီးဆုံး အပူပိုင်းသဲကန္တာရ ဖြစ်ပါတယ်။ Sahara ဟာ တစ်နှစ်မှာ ပျမ်းမျှ မိုးရေချိန် ၃ လက်မအောက်သာ ရှိပြီး စိုစွတ်မှုအများဆုံးဒေသတွေမှာပင် တစ်ပတ်ကို ၂ ကြိမ်ခန့်သာ မိုးရွာနိုင်ကာ တစ်နှစ်ပတ်လုံး မိုးခေါင်နေလေ့ ရှိပါတယ်။ ဒါကြောင့် Sahara သဲကန္တာရပြင်တစ်ခုလုံးဟာ အမြဲလိုလို ပူပြင်းခြောက်သွေ့နေပြီး မာကျောတဲ့ ကျောက်ဆောင်ကုန်းမြင့်တွေ ၊ ခြောက်သွေ့တဲ့ သဲသောင်ပြင်တွေနဲ့ သဘာဝအတိုင်း အလှကြီး လှနေတဲ့ သဘာဝကပေးတဲ့ အံ့ဖွယ်နေရာတစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
(၂) Ha Long Bay

Photo : Touropia
ဗီယက်နမ်နိုင်ငံရဲ့ အထင်ကရ ခရီးသွားနေရာတွေထဲက တစ်ခုကို ပြောပါဆိုရင် Ha Long Bay ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ Ha Long Bay ဟာ ဗီယက်နမ်မြောက်ပိုင်း ကီလိုမီတာ ၁၂၀ ခန့် ရှည်လျားတဲ့ ကမ်းရိုးတန်း ပတ်ပတ်လည်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ “Bay of Descending Dragons” လို့လည်း ခေါ်ကြပါတယ်။ ပင်လယ်အော် တစ်လျောက်လုံးမှာ ကျွန်းပေါင်းထောင်နဲ့ချီ တည်ရှိနေပြီ စိမ်းစိုလှပတဲ့ တောအုပ်တွေ ၊ ကြီးမားတဲ့ လိုဏ်ဂူကြီးတွေ ၊ ရေကန်တွေနဲ့အတူ ထူးခြားတဲ့ ရေပေါ်တံငါရွာတွေကလည်း ခရီးသွားတွေကို အဓိက ဆွဲဆောင်နေတာပဲ ဖြစ်ပါတယ်။ သာယာလှပတဲ့ ရှုခင်းအလှတွေ ၊ သဘာဝ ကပေးတဲ့ အလှတရားစစ်စစ်ကို ခံစားချင်တယ်ဆိုရင် Ha Long Bay က သေချာပေါက် သွားလည်သင့်တဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
(၃) Mount Everest

Photo : Touropia
မီတာ ၉၀၀၀ နီးပါး မြင့်ပြီး ပေအားဖြင့် ၂၉.၀၂၉ ပေ ရှိတဲ့ ဧဝရတ်တောင်ဟာ ကမ္ဘာ့ အမြင့်ဆုံး တောင်တွေထဲကတစ်ခု ဖြစ်ပါတယ်။ ဧဝရတ်တောင်ဟာ နီပေါနဲ့ တိဗက်နယ်စပ်မှာ တည်ရှိတာ ဖြစ်ပြီး စွန့်စွန့်စားစား ခရီးသွားရတာ နှစ်သက်သူတွေနဲ့ တောင်တက်သမားတွေကို အဓိက ဆွဲဆောင်နေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဧဝရတ်တောင်ကို တက်မယ်ဆိုရင် လေတိုက်နှုန်းတွေ ၊ ရာသီဥတု အခြေအနေတွေကဲ့သို့ သဘာဝဘေးအန္တရာယ်များစွာကိုလည်း သေချာတွက်ချက်ဖို့ လိုပါတယ်။ တောင်တက်ချိန်မှာ အသက်ပေးလိုက်ရတဲ့ ခရီးသွားတွေလည်း အများကြီးရှိနေတာကြောင့် ဧဝရတ်တောင်ကို စွန့်စားခန်းထွက်မယ်ဆိုရင် အမှန်တကယ် နယ်မြေကျွမ်းကျင်သူတွေခေါ်သွားသင့်သလို ခက်ခဲကြမ်းတမ်းတဲ့ တောင်တက်ခရီး အတွေ့အကြုံရှိသူတွေနဲ့အတူတူ သွားသင့်ကြောင်း အကြံပေးချင်ပါတယ်။
(၄) Grand Canyon

Photo : Touropia
Grand Canyon ကတော့ အမေရိကန်ပြည်ထောင်စုရဲ့ အထင်ကရ ခရီးသွားနေရာတွေထဲက တစ်ခုဖြစ်ပြီး အရီဇိုးနားပြည်နယ် မြောက်ပိုင်းမှာ တည်ရှိပါတယ်။ Grand Canyon ချောက်ချိုင့်ဝှမ်းကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက တည်ရှိနေတာ ဖြစ်ပြီး အနက် ၁.၆ ကီလိုမီတာ (၁ မိုင်) ကျော်နဲ့ အရှည် ၄၄၆ ကီလိုမီတာ (၂၇၇ မိုင်) ရှိပါတယ်။ နက်ရှိုင်းရှည်လျားတဲ့ ချောက်ကမ်းပါးတစ်လျောက်က အနုစိတ်လှတဲ့ အနီရောင် ကျောက်ဆစ်လွှာတွေနဲ့ ကော်လိုရာဒိုမြစ်ကြော တစ်လျှောက် လှပတဲ့ရှုခင်းတွေရဲ့ပေါင်းစပ်မှုဟာ သဘာဝကို ချစ်မြတ်နိုးတဲ့ ခရီးသွားတွေအတွက် အံ့မခန်းလောက်စရာ မြင်ကွင်းတွေကို ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။
(၅) Great Barrier Reef

Photo : Touropia
Great Barrier Reef ဟာ ကမ္ဘာ့ အကြီးဆုံး သန္တာကျောက်တန်းကြီး တစ်ခုဖြစ်ပြီး ကီလိုမီတာ ၃၀၀၀ ခန့် ( မိုင် ၁၉၀၀ ဝန်းကျင် ) ကျော်ရှည်လျားပါတယ်။ Great Barrier Reef ဟာ အာကာသပေါ်ကနေ မြင်တွေ့နိုင်တဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော သန္တာကျောက်တန်းကြီးဖြစ်ပြီး သက်ရှိသတ္တဝါများစွာနဲ့ သဘာဝအတိုင်း စုဖွဲ့ဖြစ်တည်နေတာ ဖြစ်ပါတယ်။ Great Barrier Reef မှာ အစိမ်းရောင် ပင်လယ်လိပ်တွေ ၊ လင်းပိုင်တွေ ၊ ဝေလငါးတွေ ၊ ပင်လယ်မြွေတွေအပြင် ထူးခြားရှားပါးတဲ့ ငါးမျိုးစိတ် များစွာကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။
Featured Photo : Halong Bay
