၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၃ ရက်နေ့က ချဲလ်ဆီးနဲ့ ဆွမ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွင်း ဘောလုံးသမိုင်းမှာ အကျည်းတန်ဆုံးအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တာကို ပရိသတ်တွေအားလုံး မှတ်မိကြဦးမယ် ထင်ပါတယ်။ ဒါကတော့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အီဒင်ဟာဇက် ဟာ အဆိုပါ ပွဲစဉ်အတွင်း ဆွမ်ဆီးအသင်းဖက်ခြမ်းမှာ ဂိုးစည်းကျော်သွားချိန် ဘောကောက်ကောင်လေး ချာလီမော်ဂန်က ဘောလုံးကိုမပေးပဲ အချိန်ဆွဲထားခဲ့တာကြောင့် ကန်ကြောက်မိခဲ့တဲ့ ဖြစ်ရပ်ပါ။
Photo : Eurosport
အီဒင်ဟာဇက် ဟာ အဆိုပါ လုပ်ရပ်ကြောင့် အနီကဒ်ပြခံခဲ့ရပြီး ပွဲကနေထွက်ခဲ့ရသလို ၃ ပွဲပယ် ခံခဲ့ရပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ဘယ်ဂျီယံတိုက်စစ်မှုးဟာ အဲ့ဒီတုန်းက ပွဲပယ်ပြစ်ဒဏ်နဲ့ ပတ်သတ်ပြီး ပရိသတ်တွေရော အသင်းဖော်တွေပါ စိတ်ပျက်နေခဲ့ပေမယ့် သူကတော့ တိုးတိုးတိတ်တိတ် ကြိတ်ပျော်ရွှင်ခဲ့မိကြောင်းကို ဝန်ခံဖွင့်ဟ ပြောပြလာခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီအချိန်တုန်းက ဟာဇက်ရဲ့ ဇနီးသည်ဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ မီးဖွားခါနီး အချိန်ဖြစ်နေတာပါ။ အီဒင်ဟာဇက် ကတော့ မကြာသေးမီက ဂျွန်အိုဘီ မီခေးလ်နဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ အဆိုပါပွဲအတွင်းက ဆိုးရွားတဲ့ အကျည်းတန်ဖြစ်ရပ်နဲ့ ပတ်သတ်ပြီး အခုလိုပြောပြလာခဲ့ပါတယ်။
” မဟုတ်ပါဘူး။ ထင်သလောက် မဆိုးပါဘူး။ ဒီပွဲပြီးတော့ ကျွန်တော် အိမ်ပြန်ရောက်ခဲ့ပါတယ်။ အဲ့ဒီတုန်းက ကောင်လေးက ဘောလုံးကို မပေးပဲကိုင်ထားတာပါ။ ကျွန်တော်က ဘောလုံး ယူဖို့ ကြိုးစားရုံပါပဲ။ ဒါနဲ့ ကျွန်တော်လည်း အနီကတ် ထိသွားတယ်ဆိုပါတော့ ”
” ရယ်စရာကောင်းတာက အဲ့ဒီအချိန်တုန်းက ကျွန်တော့် ဇနီးမှာ ကိုယ်ဝန်ရှိနေတာပါ။ အဲ့ဒီနေ့မှာပဲ ကလေးက မွေးတာပါ။ ဆိုတော့ ကျွန်တော် အနီကတ်ထိတာ ၊ ပွဲပယ်ခံရတာက ကွက်တိ ဖြစ်သွားတာပေါ့။ အဲ့ဒါတကယ့် အမှန်တရားပါ။ ပြီးပြည့်စုံတဲ့ အားလပ်ရက်ရလိုက်သလို ဖြစ်ခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ”
” သူတို့ကတော့ ကျွန်တော့်ကို အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်လို့ ထင်ကြမှာပါ။ တကယ်တော့ လုံးဝမဟုတ်ပါဘူး။ ဒါက လမ်းပေါ်မှာ ဘောလုံးကစားတာမျိုးနဲ့ ခပ်ဆင်ဆင်ပါပဲ။ တစ်ယောက်ယောက်က ဘောလုံးကိုကိုင်ထားရင် ဟေး အဲ့ဒီဘောလုံး ငါ့ကိုပေးလို့ ပြောတာမျိုးပါပဲ ” လို့ အဆိုပါပွဲအတွင်းက အမှတ်ရစရာ အဖြစ်အပျက်တွေနဲ့ ပတ်သတ်ပြီး ပြောပြခဲ့ပါတယ်။
Photo : The Sun
ဒီဖြစ်ရပ်အပြီး ၁၁ နှစ်အကြာမှာတော့ အီဒင်ဟာဇက် နဲ့ ဘောကောက်ကောင်လေးလို့ လူသိများတဲ့ ချာလီမော်ဂန်တို့ ပြန်လည်တွေ့ဆုံခဲ့ကြပြီး သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတစ်ပုံကိုလည်း ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေခဲ့ပါသေးတယ်။ အခုဆိုရင် မော်ဂန်ဟာ အေယူ ဗော့ဒ်ကာ အမှတ်တံဆိပ်ရဲ့တည်ထောင်သူတစ်ဦး ဖြစ်နေခဲ့ပါပြီ။ အဆိုပါ ဗော့ဒ်ကာကုမ္ပဏီကို ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ ဂျက်ဆန်နဲ့အတူ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး မော်ဂန်ဟာ ယူကေရဲ့အသက် (၃၅) နှစ်အောက် အချမ်းသာဆုံး ပုဂ္ဂိုလ် (၃၅) ဦးစာရင်းမှာ ပါဝင်နေပြီဖြစ်ကြောင်း The SundayTimes သတင်းမှာ ဖော်ပြထားပါတယ်။
Featured Photo : The Sun