အခုလို နွေဦးရာသီလေးက ချစ်ရသူနှစ်ဦး တူယှဉ်တွဲပြီး မိဘအသိုင်းအဝိုင်းတွေ၊ ချစ်ခင်ရသူတွေ၊ အပေါင်းအသင်းတွေ ရှေ့မှောက်မှာ မင်္ဂလာပွဲလေး ကျင်းပဖို့ အချိန်ကောင်းလေးပဲ မဟုတ်ပါလား။ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲလေး ကျင်းပသည်ဖြစ်စေ၊ ခမ်းခမ်းနားနား ကျင်းပသည်ဖြစ်စေ၊ မိတ်ဆွေတို့ ချစ်သူနှစ်ဦးသား ဘဝမှာ အကြီးကျယ်ဆုံးသော အမှတ်တရ အထိမ်းအမှတ်ပွဲလေး ဖြစ်လာမှာပါ။ ဒီလို သိမ်မွေ့နူးညံ့တဲ့ ချစ်ခြင်း ကို မော်ကွန်းတင် ကဗ္ဗည်းထိုးတဲ့ မင်္ဂလာပွဲလေး ကျင်းပရာမှာ အဆင်ပြေအောင် အချိန်တွေ အများကြီးယူပြီး ပြင်ဆင်ကြရပါတယ်။

သိမ့်မွေ့နူးညံ့တဲ့ ချစ်ခြင်း

Photo : Stoneridge Estate

မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်၊ မင်္ဂလာပွဲ ကျင်းပမဲ့နေရာကို ကြိုတင်စီစဉ် ငှားရမ်းတာ၊ ဖိတ်ကြားမဲ့ ဧည့်သည်တွေကို ကြိုတင် စာရင်းပြုစုထားတာ၊ မင်္ဂလာဝတ်စုံအတွက် ကြိုတင်စီစဉ်ထားတာ၊ ကျွေးမွေးတည့်ခံမဲ့ အစားအစာကို ဆုံးဖြတ်ထားတာ စတဲ့ အရေးကြီးတဲ့ အဓိကအချက်တွေကို အနည်းဆုံး ၆ လမှ ၁ နှစ် ကြိုတင်စီစဉ်ထားရှိကြပါတယ်။ ဒီအချက်တွေက သိပ်မကြာမီမှာ မင်္ဂလာပွဲ ကျင်းပတော့မဲ့ မောင်နှံတို့ စီစဉ်ထားရှိပြီးသား ဖြစ်လောက်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ မင်္ဂလာပွဲကျင်းပရာမှာ လူတွေ သိပ်သတိမထားမိတဲ့ ပြင်ဆင်ရမဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲ အသေးစိတ်ကို ထပ်မံ အတည်ပြုပါ

သိမ့်မွေ့နူးညံ့တဲ့ ချစ်ခြင်း

Photo :Avanti Banquet Hall

မိတ်ဆွေတို့ရဲ့ မင်္ဂလာပွဲမကျင်းပမှီ ရက်သတ္တပတ် အနည်းငယ် အတွင်းမှာ ကြိုတင်ငှားရမ်းထားတဲ့ မင်္ဂလာပွဲ စီစဉ်သူတွေနဲ့ ကဏ္ဍအလိုက် အချိတ်အဆက်ရှိပါစေ။ ကွီးတို့ လိုအပ်ချက်များ၊ ဖြစ်ချင်တဲ့ ဆန္ဒများကို နောက်ဆုံးတစ်ကြိမ် တိုင်ပင်ပြီး စစ်ဆေးပါ။ မင်္ဂလာပွဲ ကျင်းပမဲ့နေရာနဲ့ တည့်ခင်းဧည့်ခံမဲ့ နေရာကိုလည်း ထပ်မံပြီး အသေးစိတ် အတည်ပြုပါ။ အစစအရာရာကို Double Check လုပ်ပါ။ ဒါမှသာ ပွဲကျင်းပတဲ့နေ့မှာ လိုအပ်ချက်မရှိတာ ပိုမို သေချာစေပြီး စိုးရိမ်ပူပန်မှုကင်းစွာ ကျင်းပနိုင်မှာပါ။

တေးဂီတကို ကြိုတင်စဉ်းစားထားပါ

Photo : Easy Wedding

သိမ့်မွေ့နူးညံ့တဲ့ ချစ်ခြင်း ကို မော်ကွန်းတင် ကဗ္ဗည်းထိုးကြတဲ့ မင်္ဂလာပွဲလေးကို ပိုပြီးအသက်ဝင်စေတာကတော့ တေးသီချင်းတွေပါပဲ။ ဘယ်လိုပုံစံနဲ့ မင်္ဂလာပွဲပဲဖြစ်ဖြစ် တေးဂီတကို ထည့်သွင်းခြင်းက ရင်ခုန်ကြည်နူးစရာ အချိန်ကောင်းလေးတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့ မင်္ဂလာပွဲ မကျင်းပမှီကတည်းက ကြိုတင်ပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ ပြင်ဆင်ပြီး မင်္ဂလာပွဲမှာ ဖွင့်ဖို့ Playlist တစ်ခု ပြင်ဆင်ထားရှိပါ။ မိတ်ဆွေတို့အနေနဲ့ တီးဝိုင်းတစ်ခု ငှားမယ်ဆိုရင်လည်း သီချင်းတွေကို အချင်းချင်း ညှိနှိုင်းတိုင်ပင်ထားပါ။

ဓာတ်ပုံဆရာနဲ့ ကြိုတင်တိုင်ပင်ထားပါ

Photo : The Insta Hustle

မင်္ဂလာပွဲဆိုတာ မိတ်ဆွေတို့ နှစ်ဦးသားရဲ့ ဘဝမှာ ချစ်ခင်ရသူတွေ စုံလင်စွာနဲ့ အလှပဆုံး အပျော်ရွှင်ရဆုံး အခိုက်အတန့် ဖြစ်စေမှာပါ။ ဒီလို အခိုက်အတန့်လေး ထာဝရတည်နေစေဖို့ ဓာတ်ပုံရိုက်ကူးရေးကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာကို ကြိုတင်ငှားရမ်းပါ။ မိတ်ဆွေတို့ လိုချင်တဲ့ ရှုထောင့်နဲ့ ထာဝရ တည်တံ့စေချင်တဲ့ အခိုက်အတန့်လေးကို မင်္ဂလာပွဲမတိုင်မှီ ဓာတ်ပုံဆရာနဲ့ ကြိုကြိုတင်တင် ညှိနှိုင်းတိုင်ပင်ထားပါ။

မိတ်ဆွေတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက တစ်ခါတစ်ရံ မင်္ဂလာပွဲ ကျင်းပသူတို့ သတိမထားမိတဲ့ အချက်လေးတွေ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် သိမ်မွေ့နူးညံ့တဲ့ ချစ်ခြင်း တွေ ထုံမွှမ်းတဲ့ မင်္ဂလာအချိန်အခါလေး ပိုင်ဆိုင်နိုင်ပါစေကြောင်း……………………….

Featured Photo : Weddings