လေ့လာမှုတွေအရ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံခန့်ဟာ မျိုးမပွားနိုင်ခြင်း ပြဿနာတွေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒီလိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းကတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကြောင့် ဖြစ်ပါတယ်။ သတင်းကောင်းအနေနဲ့ ကွီးတို့ရဲ့နေထိုင်မှုပုံစံတချို့ကို ပြောင်းလဲလိုက်တာနဲ့ သုတ်ပိုး အရည်အသွေးကို ပြန်လည်ကောင်းမွန်လာစေမှာ ဖြစ်ပြီး ကျန်းမာတဲ့ သုတ်ပိုးတွေကို ထုတ်ပေးနိုင်မှာပါ။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတွေရဲ့ သုတ်ပိုးကို ကျန်းမာသန်စွမ်းစေဖို့ လိုက်နာသင့်တဲ့ နေထိုင်မှုပုံစံတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

 exercise

Photo : Men’s Journal

အမျိုးသားတစ်ယောက်ရဲ့ သုတ်ပိုး အရည်အသွေးဟာ အဲ့ဒီအမျိုးသားရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်မာမှုနဲ့ အများကြီး ဆက်စပ်နေပါတယ်။ လေ့လာမှုတွေအရ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသားတွေဟာ သုတ်ပိုး အရည်အသွေး ပိုမိုမြင့်မားပြီး မျိုးပွားနိုင်မှု ရာခိုင်နှုန်း ပိုများတာ တွေ့ရပါတယ်။ အဝလွန်တာ ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေဟာ သုတ်ပိုးကျန်းမာရေးကို ထိခိုက်စေတဲ့ အချက်တွေ ဖြစ်တာကြောင့် ကလေးယူချင်တဲ့ ဖခင်လောင်းတွေအနေနဲ့ တစ်နေ့တာအတွင်းမှာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအချို့ ပုံမှန်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

(၂) ကပ်ပယ်အိတ်ကို အေးမျှအောင်ထားပါ

Photo : WIRED

ကပ်ပယ်အိတ်ရဲ့ အပူချိန်ဟာ ခန္ဓာကိုယ်ရဲ့ ကျန်အစိတ်အပိုင်းတွေထက် သုံးဒီဂရီကနေ လေးဒီဂရီအထိ နိမ့်နေသင့်ပါတယ်။ ကပ်ပယ်အိတ် အပူချိန်မြင့်မားခြင်းဟာ သုတ်ပိုးတွေကို သေစေနိုင်ပြီး သုတ်ပိုး အရည်အသွေးကို ကျဆင်းစေပါတယ်။ ဒါကြောင့် အမျိုးသားတွေအနေနဲ့ ရေနွေးကန်စိမ်တာ ၊ ‌ချွေးထုတ်ခန်းဝင်တာ စတဲ့ လုပ်ဆောင်မှုတွေကို မကြာခဏ လုပ်ဆောင်ခြင်းမပြုဖို့ အရေးကြီးပါတယ်။ နောက်ပြီး အပူချိန်တိုက်ရိုက် သက်ရောက်မှုရှိစေတဲ့ ဘောင်းဘီ အိတ်ကပ်အတွင်း ဖုန်းထည့်တာ ၊ ပေါင်ပေါ် လက်တော့ပ် တင်ပြီးအသုံးပြုတာ စတာတွေကိုလည်း ရှောင်ကြဉ်သင့်ပြီး တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီတွေ ဝတ်ဆင်ခြင်းကိုလည်း အထူးရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

(၃) စိတ်ဖိစီးမှုလျှော့ချပါ

stress

Photo : St Patrick’s Mental Health Services

ပြင်းထန်တဲ့ စိတ်ဖိစီးမှုပြဿနာဟာ အမျိုးသားတွေမှာ မျိုးမပွားနိုင်မှုကို ဖြစ်စေတဲ့ ဆက်စပ်အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတစ်ခုတည်းကပဲ မျိုးပွားနိုင်မှုကို ကျဆင်းစေတယ်ဆိုတဲ့ သက်သေအထောက်အထား မရှိပေမယ့်လည်း စိတ်ဖိစီးမှုကြောင့် လိင်စိတ်လျော့ကျတာ ၊ လိင်အင်္ဂါ သန်စွမ်းမှုလျော့ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး စိတ်ဖိစီးမှုဟာ လိင်မှုဆိုင်ရာစွမ်းဆောင်ရည်ကို ကျဆင်းစေပြီး သုတ်ပိုး ကျန်းမာရေးကိုပါ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။

(၄) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

quit smoking

Photo : Makati Medical Center

ဆေးလိပ်သောက်ခြင်းဟာ အမျိုးသားတွေမှာ လိင်အင်္ဂါ ချို့ယွင်းမှုပြဿနာ ဖြစ်နိုင်ခြေကို တိုးစေပြီး အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်နဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အခါ သုတ်ပိုး နဲ့ မျိုးဥတွေမှာရှိတဲ့ မျိုးဗီဇပစ္စည်းတွေကို ထိခိုက်စေနိုင်ပြီး ကိုယ်အလေးချိန်မပြည့်မှီတဲ့ ကလေးငယ်တွေကို မွေးဖွားလာစေနိုင်ပါတယ်။နောက်ပြီး တဆင့်ခံ မီးခိုးငွေ့ ရှူမိတဲ့ ကိုယ်ဝန် ဆောင်မိခင်တွေအနေနဲ့လည်း ဗိုက်ထဲက သန္ဓေသားအတွက် ဆိုးရွားတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။

Featured Photo : Men’s Health