သုတ်ရည်မှာ သွေးစပါလာတာကို ဆေးဘက်ဆိုင်ရာ အခေါ်အဝေါ်အနေနဲ့ Haematospermia လို့ ခေါ်ပါတယ်။ ဒါဟာ အမျိုးသားတိုင်း သတိထားရမယ့် ကျန်းမာရေး အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ များသောအားဖြင့် ကျန်းမာရေး နောက်ခံ ပြဿနာကြီးကြီးမားမား မရှိတဲ့ လူငယ်လူလတ်ပိုင်း အမျိုးသားတွေမှာ တစ်ခါတစ်ရံ ဖြစ်တက်ပြီး ကုသမှုခံယူစရာမလိုပဲ အလိုလိုပျောက်ကင်း သွားတက်ပါတယ်။ ဒါပေမယ့် အသက် ၄၀ နဲ့အထက် အမျိုးသားတွေ အနေနဲ့တော့ သုတ်ရည် ထဲ သွေးစပါလာတယ်ဆိုရင် သွေးစစ်တာ ၊ လိုအပ်တဲ့ စစ်ဆေးကုသမှုတွေ အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Blood in Semen (Hematospermia)

Photo : Southgate Medical Centre

သုတ်ရည် ထဲမှာ မြင်တွေ့ရတက်တဲ့ သွေးအရောင်ဟာ အနီတောက်တောက်အရောင် ၊ ပန်းရောင်နဲ့ အညိုရောင် သို့မဟုတ် နီညိုရောင် ဆိုပြီး ၃ မျိုး ရှိတက်ပါတယ်။ တစ်ခါတစ်ရံမှာ သွေးစ/သွေးခဲ ကဲ့သို့ သေးငယ်တဲ့ အစိုင်အခဲလေးတွေကိုလည်း မြင်တွေ့ရတက်ပါတယ်။

အကြောင်းအရင်းပေါ်မူတည်ပြီး ဆီးသွားတဲ့အခါ သွေးပါတာ ၊ ပုံမှန်ထက်ပိုပြီး မကြာခဏ ဆီးသွားတာ ၊ ဆီးသွားစဉ် သို့မဟုတ် သုတ်လွှတ်စဉ်မှာ နာကျင်တာ စတဲ့ လက္ခဏာတွေ ပြနိုင်ပါတယ်။

သုတ်ရည်မှာ သွေးပါရတဲ့ အကြောင်းအရင်းများ

သုတ်ရည်မှာ သွေးပါတာဟာ တစ်ခါတစ်ရံ အကြောင်းအရင်း အတိအကျ မရှိပါပဲ အချိန်အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသက်သာ သွားတတ်ပါတယ်။ ဒါပေမယ့် ရောဂါအခြေအနေ အတိမ်အနက်ကို သေချာအောင်သိရအောင် စစ်ဆေးသေချာခံယူဖို့က အရေးကြီးပါတယ်။ သုတ်ရည်မှာ သွေးပါရတဲ့ အကြောင်းအရင်းတွေကတော့……

  • ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)
  • လိင်မှတဆင့် ရောဂါပိုး ကူးစက်ခံရခြင်း Sexually Transmitted Infection (STI)
  • ဆီးကျိတ် အသားစ စစ်ဆေးကုသမှုခံယူခြင်း
  • ဆီးကျိတ်ရောင်ခြင်း သို့မဟုတ် ဆီးကျိတ်ကြီးခြင်း
  • ဝှေးစေ့ ထိခိုက်ဒဏ်ရာရခြင်း
  • ပြင်းပြင်းထန်ထန် တစ်ကိုယ်ရည် အာသာဖြေခြင်း သို့မဟုတ် လိင်ဆက်ဆံခြင်း

စတဲ့ အခြေအနေတွေကြောင့် ဖြစ်တက်ပါတယ်။

နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ ဖြစ်တောင့်ဖြစ်ခဲ ရှားရှားပါးပါး အခြေအနေပါ။ ဒါပေမယ့် သုတ်ရည် မှာ သွေးပါတာဟာ ဆီးကျိတ်ကင်ဆာရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

Blood in Semen (Hematospermia)
Photo : IVI UK

သုတ်ရည်မှာ သွေးပါတဲ့ အခြေအနေဟာ အခြေခံအားဖြင့်တော့ ကုသဖို့ မလိုအပ်ပါဘူး။ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူ့အလိုလို ပျောက်ကင်းသက်သာ သွားတတ်ပါတယ်။

ဒါပေမယ့် ရောဂါနောက်ခံ အကြောင်းအရင်းကို စစ်ဆေးတွေ့ရှိတယ်ဆိုရင်တော့ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) သို့မဟုတ် လိင်မှတဆင့်ကူးစက်တဲ့ ကူးစက်ရောဂါ (STI) တွေကြောင့်ဆိုရင် နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပါတယ်။

Source : NHS

Featured Photo : Men’s Health