ဘဝကြီးက သူငယ်တန်းတက်ကတည်းက တောက်လျှောက် ကြိုးစားလာလိုက်ရတာ ဆယ်တန်းအောင်၊ တက္ကသိုလ်တက်၊ လုပ်ငန်းခွင် ဝင်နေရသည်အထိ အသားကုန် ကြိုးစားနေရတုန်းပါပဲ။ ကြာလာတော့ ဘဝကြီးက အဓိပ္ပါယ် မဲ့လာပြီး ကိုယ့်ကိုယ်ကိုယ် ပြိုင်မျဥ်းလို့တောင် ထင်မြင်လာကြပါတယ်။ တစ်ရက်ကလေး မိမိစိတ်ကို အလိုလိုက်မိရင်တောင်မှ သူများ နောက်မှာ နောက်ကျောက်ကျ ကျန်ခဲ့ပြီလား မသိဘူးဆိုပြီး ထင်မှတ်တတ်ကြပါတယ်။ ကွီးတို့ရော ထိုကဲ့သို့ စိတ်ခံစားချက်မျိုးကို မကြာခဏ ခံစားနေရပါသလား။ ဒါမှမဟုတ် သူများ နောက်မှာ အမှန်တကယ် နောက်ကောက်ကျ ချင်နေတာလား။

ဘယ်သူကမှတော့ သူများ နောက်မှာ နောက်ကောက်ကျ တာမျိုး မလိုချင်ကြပါဘူး။ ကိုယ့်သူငယ်ချင်းတွေနည်းတူ ကောင်းမွန်တဲ့ ဘဝ၊ ကောင်းမွန်တဲ့ နေရာတစ်ခုကို ရချင်ကြပါတယ်။ ကောင်းတဲ့အရာတစ်ခုကို လိုလားတောင့်တခြင်းကတော့ သဘာဝပါပဲ။ ဒါပေမဲ့ လူတိုင်းက သူ့ကြိုးစားမှုနဲ့သူ၊ သူ့အချိန်နဲ့သူ ရှိပါတယ်။ ပြိုင်ဆိုင်လိုစိတ်က ကောင်းတဲ့အချက်လည်း ရှိသလို တစ်ခါတစ်ရံမှာလည်း ကွီးတို့ကို ပူလောင်စေပါတယ်။ လူတိုင်းက ကျောင်းပြီးသွားတာနဲ့ သူတို့ရဲ့ အိပ်မက် ရည်မှန်းချက်တစ်ခုကို ချက်ချင်း ရှာဖွေတွေ့သွားတာမဟုတ်ပါဘူး။ လူတိုင်းက သူတို့ရဲ့ အသည်းတစ်ခြမ်းကို စောစောစီးစီး တွေ့သွားကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ကြတာမဟုတ်ပါဘူး။ ကျနော်တို့တွေသည် မတူညီတဲ့ ဘဝအတွေ့အကြုံများကြောင့် ရင့်ကျက်ပုံ ရင့်ကျက်နည်းလည်း မတူညီကြပါဘူး။ ဒါသည်လည်း သဘာဝပါပဲ။ အဓိကကတော့ ကိုယ့်ရဲ့ နှုန်းထားအတိုင်း ဖြည်းဖြည်းမှန်မှန်နဲ့ သွားနေဖို့ပဲ လိုပါတယ်။

ဘယ်သူ့ ဘယ်သူ နောက်မှာမှ နောက်ကောက်မကျချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ကျင့်သုံးနိုင်ပါတယ်။

အချိန်မဖြုန်းပါနဲ့

သူများ နောက်ကောက်ကျ

အချိန်ရှိခိုက် လုံ့လစိုက် ဆိုတဲ့ စကားပုံက အလကားပေါ်ပေါက်လာတာမဟုတ်ပါဘူး။ အချိန်ဖြုန်းတတ်တဲ့လူတွေရှိလို့ ပေါ်ပေါက်လာတဲ့ မြန်မာစကားပုံတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ အချိန်ရှိတုန်း၊ ငယ်တုန်း ရွယ်တုန်းက မကြိုးစားဘူးဆိုရင် အသက်အရွယ်ကြီးလာတဲ့အခါ အချိန်ဖြုန်းခဲ့တဲ့ အကျင့်ဆိုးရဲ့ အကျိုးအပြစ်ကို ပြန်ခံစားရမှာပဲဖြစ်ပါတယ်။ အသက်ကြီးလာမှ လုပ်ငန်းတွေ အဆင်မပြေဖြစ်မယ်ဆိုရင် ငွေရေးကြေးရေးလည်း အဆင်ပြေတော့မှာမဟုတ်ပါဘူး။ ထိုအချိန်မှ အလုပ်အသစ် ထပ်ရှာမယ်ဆိုရင်လည်း အလုပ်အကိုင်က ရှာဖွေရ ခက်လာမှာပါ။ ဒါ့ကြောင့် ငယ်တုန်း ရွယ်တုန်းက လုပ်စရာရှိတာ လုပ်ထားပါ။ လုပ်ငန်းခွင်မှာလည်း နေရာတစ်ခုရအောင် ကြိုးစားပါ။ အသက် တဖြည်းဖြည်း ရလာတဲ့အခါမှာတော့ ဘဝအတွက် အာမခံချက် အပြည့်အဝ ရလာမှာပဲဖြစ်ပါတယ်။

အတိတ်ကို ပြန်ဆန်းစစ်ကြည့်ပါ

သူများ နောက်ကောက်ကျ

အတိတ်က ကိုယ့်ရဲ့ အောင်မြင်မှုတွေကို ပြန်လည်ဆန်းစစ်ကြည့်ပါ။ အတိတ်က အမှားတွေကနေလည်း သင်ခန်းစားယူပါ။ အတိတ်က အမှားတွေကို ပြန်လည် ဆန်းစစ်တဲ့အခါမှာလည်း တူညီတဲ့ အမှားမျိုး မလုပ်မိအောင် ကြိုးစားရမှာပဲဖြစ်ပါတယ်။

ဒါ့အပြင် အတိတ်က အောင်မြင်မှုတွေကို ပြန်ဆန်းစစ်ကြည့်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်လည်အားတက်လာအောင် ကြိုးစားလို့ရပါတယ်။ ဥပမာ ကွီးတို့က မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝကို အောင်အောင်မြင်မြင် ပြီးဆုံးခဲ့သလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါ။ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်ထားသလား။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါ။ အလုပ်တစ်ခု ပိုင်ဆိုင်ပြီး လစဥ် မိမိဝင်ငွေနဲ့ ရပ်တည်နိုင်သလား။ ဒါဆိုရင် ထပ်ဆင့် ဂုဏ်ယူလိုက်ပါ။ ဘဝကြီးက ကိုယ့်ရဲ့အောင်မြင်မှုတွေအတွက် ဂုဏ်ယူဝမ်းမြောက်ရမှာဖြစ်ပြီး ပျော်ရွှင်ဖို့ပဲ မဟုတ်လား။ ဒီနေ့ ဒီအချိန်အထိ ရောက်လာပြီဆိုကတည်းက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသင့်ပါတယ်။

ကိုယ့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အာရုံစိုက်ထားပါ

သူများ နောက်ကောက်ကျ

ကိုယ်က သူများနောက်မှာ နောက်ကောက်ကျနေပြီလို့ မခံစားချင်ရင် အလုပ်သင့်ဆုံးအရာကတော့ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်းကိုသာ အာရုံစိုက်ထားရမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ အလုပ်၊ ငွေရေးကြေးရေး၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေးများ စသည်ဖြင့် နယ်ပယ် အသီးသီးနဲ့ သက်ဆိုင်တဲ့ ရည်မှန်းချက် အသီးသီးကို ချမှတ်ထားရပါမယ်။ ထိုရည်မှန်းချက် တစ်ခုချင်းစီကို အာရုံစိုက်ထားမယ်ဆိုရင် ကိုယ့်ရဲ့ တိုးတက်မှုဖြစ်စဥ်ကို တဖြည်းဖြည်း မြင်တွေ့ရလာမှာပဲဖြစ်ပါတယ်။

အသက် ၂၅ နဲ့ ၃၅ ကြားကာလသည် ကိုယ့်ကိုယ်ကိုယ် ပုံဖော်နေတဲ့အရွယ်၊ ကိုယ့်ကိုယ်ကိုယ် အဓိပ္ပါယ် ဖွင့်ဆိုနေတဲ့အရွယ်ဖြစ်တဲ့အတွက်ကြောင့် “ငါက အများနောက်မှာ နောက်ကောက်ကျ ကျန်ခဲ့ပါလား” ဆိုပြီး သတ်မှတ်လို့မရပါဘူး။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။ ကွီးတို့က အကောင်းဆုံး လုပ်ဆောင်နေကြပြီး မိမိရဲ့ အကောင်းဆုံး ဗားရှင်းကို ပုံဖော်နေကြတာပဲဖြစ်ပါတယ်။

ကိုယ့်မှာရှိတဲ့အရာများနဲ့ ပျော်အောင် နေပါ

ကိုယ့်မှာရှိတဲ့အရာများနဲ့ ပျော်အောင် နေပါ

ဟိုတစ်ယောက်ကတော့ ဆိုရှယ် မီဒီယာပေါ်မှာ ဘယ်လိုပုံ တင်လိုက်ပြန်ပြီ။ သူကတော့ အလုပ်အကိုင်က ကောင်းလိုက်တာ။ သူ့ရဲ့ ခန္ဓာကိုယ်က မင်းသား ခန္ဓာကိုယ် မျိုးပါပဲလား စသည်ဖြင့် အခြားသူတွေက ဖော်ပြတဲ့ အရာတစ်စိတ်တစ်ပိုင်းကို ကြည့်ပြီး ငါကတော့ အဲ့လို ဘယ်တော့မှ ဖြစ်မှာလဲဆိုပြီး စိတ်ဓာတ် ကျနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့က ဆိုရှယ် မီဒီယာပေါ်က အတုအယောင်တွေကို အစစ်အမှန်လို့ ထင်မြင်နေတာပဲဖြစ်ပါတယ်။ ကိုယ့်မှာ ရှိတဲ့အရာတွေနဲ့ မကျေနပ်နိုင်ဘဲ အားမလို အားမရ ဖြစ်နေခြင်းကလည်း ကွီးတို့ရဲ့ စိတ်ကို ပူလောင်စေပါတယ်။ အများနဲ့ နှိုင်းယှဥ်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကြင်နာပါ။ ကိုယ့်မှာ ရှိတဲ့ အရာများနဲ့ ပျော်ရွှင်အောင် နေတတ်ပါစေ။ ကိုယ် လုပ်စရာရှိတာကိုပဲ အာရုံစိုက်လုပ်ပါ။ ဒါဆိုရင် တစ်ချိန်ချိန်မှာ ကွီးတို့သည် အောင်မြင်မှုဆီ ရောက်ရှိသွားမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော သူများ နောက်မှာ နောက်ကောက်ကျ ကျန်ခဲ့ပြီ ဆိုတဲ့ ခံစားချက်ကို ဘယ်လိုမျိုး မေ့ဖျောက်လေ့ရှိပါသလဲ။

Source: Gentwenty

Featured Image: Allbusiness