လူရယ်လို့ ဖြစ်လာပြီဆိုရင် ပူဆွေး သောက အနည်းနဲ့အများတော့ ရှိကြစမြဲပါ။ လူတစ်ယောက်ချင်းစီအပေါ် မူတည်ပြီး ပူဆွေးသောကဖြစ်ရတဲ့ အကြောင်းအရင်းတွေ ကွဲပြားကြပါတယ်။ တစ်စုံတစ်ခုကြောင့် သို့မဟုတ် တစ်စုံတစ်ယောက်ကြောင့် ပူဆွေးသောက ရောက်ရတယ်ဆိုတာ ကောင်းတဲ့အရာ မဟုတ်ပါဘူး။ စိတ်ကျန်းမာရေးအတွက်ပါမက ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ ဒီတစ်ခေါက်တော့ ပူဆွေးသောက ဖြစ်ရခြင်းကို သက်သာစေမယ့် နည်းလမ်းလေးတွေ ပြောပြပေးသွားမှာပါ။
(၁) ကိုယ်ကြိုက်နှစ်သက်တာတွေကို လိုက်လုပ်ကြည့်ပါ
Photo : SilverKris
ပူဆွေး သောက ရောက်နေတဲ့အချိန်မှာ ချက်ချင်းကြီး သက်သာပျောက်ကင်းအောင် လုပ်လို့မရနိုင်ပါဘူး။ သင် ဘယ်လောက်ပဲ ဟန်ဆောင်နေပါစေ သင်ခံစားနေရတဲ့ ဝမ်းနည်းခြင်းဖြစ်စဉ်ဟာ သင့်ရဲ့မသိစိတ်ထဲမှာ ရှိနေမှာပါ။ တစ်ခါတစ်ရံ သင်ကိုယ်တိုင် သိသိသာသာမခံစားရဘဲလည်း နေတတ်ပါတယ်။ ဝမ်းနည်းပူဆွေးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တာကို လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ ရေကူးခြင်း ၊ တောင်တက်ခြင်း ၊ ပြေးခြင်း ၊ ခရီးထွက်ခြင်း တို့ကို ခုံမင်လေ့ရှိပါတယ်။ အရင်က လုပ်ခွင့်မရတဲ့ အရာတွေကို လုပ်ကြည့်ဖို့ ကြိုးစားပါ။ ဒီလိုလုပ်ခြင်းက သင်ခံစားနေရတဲ့ ပူဆွေးသောကတွေကို သက်သာစေမှာပါ။
(၂) အပြင်များများ ထွက်ပါ
Photo : CNN
သောက တွေနဲ့ အိမ်ထဲမှာပဲ တစ်ယောက်တည်း ကြိတ်ဝမ်းနည်းနေမယ့်အစား အပြင်ထွက်ပါ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး စကားပြောပါ။ သင်နေ့စဉ်လုပ်နေကျ အလုပ်တွေကို ပုံမှန်လုပ်သွားပါ။ မိမိအတွက်အကျိုးမရှိတဲ့ အရာတွေအတွက် ဘာကြောင့် ဝမ်းနည်းနေရမလဲဆိုတာကို စိတ်ထဲမှာ မှတ်ထားပါ။ အရာအားလုံးဟာ မတည်မြဲပါဘူး။ လူ့ဘဝက တိုတောင်းလွန်းလှပါ။ ဒီလိုတိုတောင်းလှတဲ့ အချိန်တွေကို ဘာလို့ဝမ်းနည်းပူဆွေးသောကတွေနဲ့ ကုန်ဆုံးမှာလဲ။
(၃) ရင်ဆိုင်ပါ
Photo : Warren Wong
လောကကြီးမှ ဘယ်အရာမှ ထာဝရတည်မြဲတယ်ဆိုတာ မရှိပါဘူး။ အရာအားလုံးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေကြတာ ချည်းပါပဲ။ ဥပမာအားဖြင့် ကိုယ်ချစ်ရတဲ့သူနဲ့ ကွဲကွာရပြီဆိုရင် လူတိုင်းနီးပါး ဝမ်းနည်းပူဆွေး ကြရတာချည်းပါပဲ။ ရုတ်တရက် ဆိုသလို ဝမ်းနည်းမှု ၊ အထီးကျန်မှု ၊ ဘာမှမရှိတော့သလို ခံစားရခြင်းတွေနဲ့ အဆိုးမြင်တဲ့ ခံစားချက်တွေ တပြိုင်နက်တည်း ဖြစ်ပေါ်လာတတ်တာကြောင့် ဒီခံစားမှုတွေကို တက်နိုင်သမျှ ရင်ဆိုင်လိုက်ပါ။ ခံစားချက်တွေကို ချရေးထားပါ။ ဒီလို ခံစားချက်တွေကို ချရေးတဲ့အကျင့် သင့်မှာစွဲမြဲလာတဲ့အခါ သင့်အနေနဲ့ ဘယ်ကိစ္စမဆို လွယ်ကူစွာကျော်ဖြတ်သွားဖို့ ကောင်းကောင်းကိုင်တွယ်လာနိုင်တာကို သဘောပေါက် လာမှာဖြစ်ပါတယ်။
Featured Photo : Montreal Therapy Centre