သံကြိုး တွေကို လေးလံတဲ့ ပစ္စည်းကိရိယာတွေ ချည်ဖို့တုပ်ဖို့ ၊ တံခါးသော့ခေတ်ဖို့လောက်ပဲ အသုံးဝင်တာလို့ ထင်ရင်တော့ ကွီးတို့ မှားပါလိမ့်မယ်။ ကွီးတို့ရဲ့ အိမ်မှာ မသုံးဖြစ်တော့တဲ့ ၊ အသုံးမလိုတော့တဲ့ သံကြိုးအဟောင်းတွေ ရှိတယ်ဆိုရင် အဲ့ဒီ သံကြိုးတွေကို အသုံးပြုပြီး အမိုက်စား အိမ်သုံးပစ္စည်းတွေ ပြန်လည်ဖန်တီးလို့ ရနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သံကြိုးတွေကို အသုံးပြုပြီး အမိုက်စားပစ္စည်းတွေ ဖန်တီးလို့ရနိုင်မယ့် DIY ပရော့ဂျက် အိုင်ဒီယာလေးတွေကို ပြောပြပေးပါမယ်။

(၁) ခေတ်ဟောင်းစတိုင် မီးအိမ်

chain lamp

Photo : Pinterest

Vintage ဆန်ဆန် ခေတ်ဟောင်းစတိုင် ပစ္စည်းတွေ နှစ်သက်တယ်ဆိုရင်တော့ သံကြိုး တွေနဲ့ ကွီးတို့ အမိုက်စား မီးအိမ်တစ်ခု ဖန်တီးလို့ ရပါတယ်။ လက်ရှိ ဈေးကွက်ထဲမှာ မြင်တွေ့နေရတဲ့ နောက်ဆုံးပေါ် နည်းပညာသုံး အလန်းစား မီးအိမ်တွေနဲ့ လုံးဝကို မတူပဲ ခေတ်ဟောင်းအငွေ့အသက်တွေ ၊ Vintage ဆန်ဆန် အထာကျတဲ့ Vibe မျိုးနဲ့ ကွီးတို့ အိမ်ခန်းအတွင်းမှာ အလှဆင်နိုင်မှာ ဖြစ်ပါတယ်။

(၂) စာအုပ်စင်

DIY Hanging Chain Shelves

Photo : Pinterest

ဧည့်ခန်းထဲမှာ အထာကျတဲ့ ချိတ်ဆွဲ စာအုပ်စင်တစ်ခု ဖန်တီးချင်ရင်တော့ သံကြိုး တွေနဲ့ သစ်သားပြားတွေ ရှိရင် ရပါပြီ။ သစ်သားပြားတွေကို ထောင့် ၂ ဖက်စီမှာ အပေါက်ဖောက်ပြီး သံကြိုးတွေနဲ့ တဆင့်ချင်း တွဲဆက်ချိတ်ဆွဲ လိုက်ရုံပါပဲ။ အဆင့်ကိုတော့ ကွီးတို့ စိတ်ကြိုက် ၂ ဆင့် / ၃ ဆင့် လိုသလို ထားလို့ ရပါတယ်။ အမြင်ဆန်းပြီး အထာကျတဲ့ အမိုက်စား သံကြိုး ချိတ်ဆွဲ စာအုပ်စင်လေးက ကွီးတို့ အိမ်ရဲ့ ဧည့်ခန်းမှာ လှပတင့်တယ် ခန့်ညားစွာနဲ့ တည်ရှိနေမှာ ဖြစ်ပါတယ်။

(၃) ချိတ်ဆွဲပန်းအိုး

chain plant holder

Photo : Pinterest

ပန်းပင်လေးတွေ ၊ အိမ်တွင်းအပင်လေးတွေ စိုက်တာ ဝါသနာပါသူတွေအတွက် လွယ်ကူရိုးရှင်းပြီး အမိုက်စားဖြစ်တဲ့ ချိတ်ဆွဲပန်းအိုး လေးတွေကို သံကြိုးတွေနဲ့ အရိုးရှင်းဆုံး ဖန်တီးလို့ ရပါတယ်။ ပန်းအိုးရဲ့ အရွယ်အစား အလေးချိန်ပေါ် မူတည်ပြီး သံကြိုးရဲ့ခံနိုင်ရည်ကို ချိန်ဆတွက်ချက်ကာ သံကြိုးဆိုဒ်ကို သေချာလေး ရွေးချယ်ရပါမယ်။ ပန်းအိုးရဲ့ အချင်းအတိုင်း အံဝင်ခွင်ကျဖြစ်တဲ့ သံကြိုးကွင်းအစွပ်တစ်ခု ဖန်တီးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ အမိုက်စား ချိတ်ဆွဲပန်းအိုးလေးတစ်ခု ရရှိပါပြီ။

(၄) ထိုင်ခုံ

chain stool

Photo : Pinterest

အိမ်သုံးအတွက်ပဲဖြစ်ဖြစ် ၊ ဆိုင်သုံးအတွက်ပဲဖြစ်ဖြစ် ပုံမှန်မြင်တွေ့ဖူးနေကျ ထိုင်ခုံတွေနဲ့ မတူတဲ့ အမိုက်စား ထိုင်ခုံအဆန်းတစ်လုံးကို သံကြိုး တွေနဲ့ ဖန်တီးလို့ ရပါတယ်။ သံကြိုးဆိုဒ် ခပ်ကြီးကြီးကို အသုံးပြုမယ်ဆိုရင်တော့ တောင့်တောင့်တင်းတင်းနဲ့ ခိုင်ခံမှု ပိုရှိစေမှာ ဖြစ်ပါတယ်။ လုံးဝအထာကျပြီး အမြင်လည်းဆန်းသစ်တဲ့ ထိုင်ခုံလေး ဖြစ်တာကြောင့် ကွီးတို့ရဲ့ ဖန်တီးမှု လက်ရာကို မြင်သူတိုင်း သေချာပေါက် ချီးကျူးကြပါလိမ့်မယ်။

Source : Pinterest

Featured Photo : The Art of Craft