မြင်သာအောင် ပြောရရင် အမျိုးသားတွေရဲ့ လိင်တံ ဖွားဖက်တော် အတွင်းပိုင်းဟာ ပြွန်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆိုပါ ပြွန်တွေထဲကို သွေးတွေ ဝင်ရောက်စီးဆင်းလာတဲ့အခါမှာ Erection လို့ခေါ်တဲ့ လိင်တံထောင်မတ်မှုကို ဖြစ်စေတာပါ။ လိင်တံဆီသို့ ကောင်းမွန်တဲ့ သွေးစီးဆင်းမှု ရှိမှသာလျှင် ကွီးတို့ရဲ့ ဖွားဖက်တော်ဟာ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်မှာ ဖြစ်ပြီး အကယ်၍ သွေးစီးဆင်းမှု မကောင်းပါက လိင်တံထောင်မတ်ဖို့ ခက်ခဲတာ ၊ ထောင်မတ်မှုကို အချိန်ကြာကြာ မထိန်းထားနိုင်တာ စတဲ့ ပြဿနာတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့် သွေးစီးဆင်းမှုဟာ ဖွားဖက်တော် သန်မာရေးနဲ့ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်တွေအပေါ် အများကြီး သက်ရောက်မှု ရှိနေတာပါ။ ဒီတစ်ခေါက်မှာ လိင်တံဆီ သွေးစီးဆင်းမှု ကောင်းစေဖို့ ကွီးတို့ လုပ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပါ

Cardiovascular Exercise

Photo : NASM Blog

Cardiovascular Exercise လို့ ခေါ်တဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေဟာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ လေ့ကျင့်ခန်းတစ်ခုစီတိုင်းက ကြွက်သားအုပ်စုအများစုကို စည်းချက်မှန်မှန်နဲ့ လှုံ့ဆော်ပေးပြီး နှလုံးခုန်နှုန်းနဲ့ အောက်ဆီဂျင် လက်ခံမှုကို တိုးစေပါတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေအနေနဲ့ တစ်ပတ်လျှင် ၄ ကြိမ် ၊ တစ်ကြိမ်လျှင် မိနစ် ၄၀ ခန့် အလယ်အ လတ်ကနေ အပြင်းစား အေရိုးဗစ်လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တာဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တိုးတက်စေပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေကာ ဖွားဖက်တော် သန်မာထောင်မတ်နိုင်စွမ်းကို တိုးစေတယ်လို့ ဆိုထားပါတယ်။ စက်ဘီးနင်းခြင်း ၊ ရေကူးခြင်း ၊ ပြေးခြင်း ၊ တောင်တက်ခြင်းနဲ့ ကခုန်ခြင်း စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

(၂) Pelvic Floor ကြွက်သားတွေကို လေ့ကျင့်ပေးပါ

Kegel Exercise

Photo : Male Pelvic Floor Trainer

Pelvic Floor Muscles ဆိုတာ တင်ပါးဆုံခွက် ကြွက်သားတွေကို ခေါ်တာပါ။ ဒီကြွက်သားတွေက ဆီးအိမ်နဲ့ အူသိမ် (အူမ)ကို အဓိက ထောက်ပံ့ပေးထားပါတယ်။ တင်ပါးဆုံအတွင်းကြွက်သားတွေ သန်မာမှုအားလျော့နေမယ်ဆိုရင် ဖွားဖက်တော် လိင်တံဆီသို့ သွေးစီးဆင်းမှု လျော့ကျနိုင်ပြီး လိင်တံ ပြည့်ပြည့်ဝဝ ထောင်မတ်နိုင်ဖို့ ခက်ခဲတာ ၊ လိင်တံထောင်မတ်နိုင်စွမ်း လျော့နည်းတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Pelvic Floor ကြွက်သားတွေကို အားကောင်းစေမယ့် Kegel Exercise တွေ လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ Kegel Exercise တွေက တင်ပါးဆုံခွက် ကြွက်သားတွေကို အားကောင်းသန်မာစေပြီး သွေးစီးဆင်းမှုကို တိုးစေကာ ပန်းသေပန်းညိုး ပြဿနာ ၊ လိင်တံ ပြည့်ပြည့်ဝဝ မထောင်မတ်နိုင်တဲ့ ပြဿနာတွေကို ကာကွယ်ဖြေရှင်း ပေးနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ လျော့ချပါ

Stress Relief

Photo : University Health News

စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ဖွားဖက်တော် ကမောက်ကမ ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပါပဲ။ သုတေသီတွေရဲ့ လေ့လာမှုများစွာအရ စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှုတွေဟာ အမျိုးသားတွေရဲ့ ကျားဟော်မုန်း Testosterone ပမာဏကို လျှော့ကျစေပြီး စိတ်ဖိစီးမှု ဟော်မုန်းလို့ခေါ်တဲ့ Cortisol ဟော်မုန်းပမာဏကို တိုးမြင့်စေတာကြောင့် ပန်းသေပန်းညိုးနဲ့ လိင်အင်္ဂါမသန်စွမ်းမှုပြဿနာတွေ ဖြစ်နိုင်ခြေ များတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့်ပဲ ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းဖို့ ၊ လျှော့ချထိန်းညှိဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

(၄) ဆေးလိပ်ဖြတ်ပါ

 Quitting Smoking

Photo : Healthy Smiles of Saint Louis

ဆေးလိပ်သောက်ခြင်းဟာ အဓိကအားဖြင့် သွေးကြောတွေရဲ့ အတွင်းဆဲလ်လွှာ (Endothelium) အပေါ် အပြောင်းအလဲ ဖြစ်စေပြီး ခန္ဓာကိုယ်အတွင်း နိုက်ထရစ်အောက်ဆိုဒ် ထုတ်လုပ်မှုနဲ့ အချက်ပြမှုစနစ်တွေကို လျော့ကျစေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ နိုက်ထရစ်အောက်ဆိုဒ် အလုံအလောက်မရှိဘူးဆိုရင် ဖွားဖက်တော် လိင်တံမှာရှိတဲ့ ကြွက်သားတွေရဲ့ သန်စွမ်းမှု အားလျော့လာပြီး လိင်တံအတွင်းသို့ သွေးစီးဆင်းမှု လုံလုံလောက်လောက် မရတော့ပဲ လိင်တံထောင်မတ်နိုင်စွမ်းကို လျော့ကျလာစေမှာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်း အပါအဝင် အီး-စီးကရက် သောက်သုံးမှုဟာ ခန္ဓာကိုယ်နဲ့ လိင်တံဆီသို့ သွေးတွေသယ်ဆောင်ပေးတဲ့ သွေးလည်ပတ်မှုစနစ်ကို ပျက်စီးစေတာကြောင့် လိင်အင်္ဂါ ချို့ယွင်းမှုပြဿနာ ဖြစ်ပွားနိုင်ခြေကို တိုးစေနိုင်တာ ဖြစ်ပါတယ်။

(၅) ဖြည့်စွက်စာတွေ မှီဝဲပါ

Supplements
Photo : Forbes

အချို့သော ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေ ၊ အစားအသောက်နဲ့ ဖြည့်စွက်စာတွေဟာ လိင်တံဆီသို့ သွေးစီးဆင်းမှုကို တိုးမြင့်လာစေဖို့နဲ့ လိင်တံရဲ့ လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေဖို့ ကူညီပေးနိုင်ပါတယ်။ L-arginine ၊ Ginkgo Biloba နဲ့ Yohimbe ကဲ့သို့ ဖြည့်စွက်အားဆေးတွေဟာ သွေးစီးဆင်းမှုကို ကောင်းမွန်စေဖို့အတွက် သွေးကြောတွေကို ဖွင့်ပေးနိုင်တယ်လို့ လေ့လာမှုအချို့က ဖော်ပြထားပါတယ်။ သွေးကြောတွေ ပိုမိုကျယ်ကားလာတာနဲ့အမျှ သွေးစီးဆင်းမှု ပိုမိုတိုးတက် ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် L-arginine ဟာ ခန္ဓာကိုယ်အတွင်းရောက်ရှိချိန်မှာ နိုက်ထရစ်အောက်ဆိုဒ်အဖြစ်သို့ ပြောင်းလဲသွားပြီး ဖွားဖက်တော် ထောင်မတ်ဖို့အတွက် သက်ဆိုင်ရာ ကြွက်သားတွေကို ဖြေလျောပေးသလို သွေးစီးဆင်းမှုကိုလည်း ပိုကောင်းစေဖို့ ထောက်ပံ့ပေးပါတယ်။ အလားတူ ဂျင်ဆင်းဟာလည်း ခန္ဓာကိုယ်ရှိ ကြွက်သားတွေကို ပြေလျော့စေပြီး လိင်တံသို့ သွေးစီးဆင်းမှု ကောင်းကောင်း ရရှိစေဖို့ ကူညီပေးပါတယ်။

Source : Health

Featured Photo : eDrugstore