အမျိုးသမီးတွေအတွက် သွေးဆုံးပြီးချိန်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ ကာလပါ။ ဟော်မုန်း အတက်အကျတွေနဲ့ ခန္ဓာကိုယ်မှာ အပြောင်းအလဲ များစွာကို ကြုံတွေ့ရပြီး စိတ်ရောကိုယ်ပါ ထိရှလွယ်တဲ့ အချိန်တစ်ခုကို ဖြတ်သန်းကြရပါတယ်။ ဒီထဲမှာ အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ နောက်ထပ် ပြဿနာတစ်ခုကတော့ လိင်မှုဆိုင်ရာ ပြဿနာပါပဲ။ သွေးဆုံးပြီး နောက်မှာ အတူနေတဲ့အခါ သွေးမဆုံးခင်အချိန်ကနဲ့ လုံးဝမတူတော့ပဲ မိန်းမကိုယ်ဟာ ပုံမှန်ထက် စိုစွတ်ဖို့ ပိုခက်ခဲပြီး လိင်ဆက်ဆံချိန်မှာ သဘာဝချောဆီ အလုံအလောက် မထုတ်နိုင်တာ ၊ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရတာ ၊ လိင်စိတ်ကျဆင်းတာတွေ ကြုံရတက်ပါတယ်။
Photo : Healthshots
ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ သွေးဆုံးပြီး နောက်မှာ ကျန်းမာပျော်ရွှင်ရတဲ့ လိင်မှုဘဝတစ်ခုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဆိုရင် ကိုယ့်ပါတနာနဲ့ ပွင့်လင်းစွာ ပြောဆိုဆက်ဆံမှုတစ်ခု ရှိဖို့ လိုသလို ၊ မိန်းမကိုယ် ခြောက်သွေ့မှု ပြဿနာကို ဖြေရှင်းဖို့ Vaginal Moisturizers တွေသုံးတာ ဟော်မုန်းကုထုံးတွေ ခံယူတာ ၊ ကျန်းမာတဲ့ Lifestyle ကို တည်ဆောက်တာ စတာတွေကို ပြုလုပ်ဖို့ လိုပါတယ်။ လိင်ဆက်ဆံချိန်မှာ Vaginal Dryness လို့ခေါ်တဲ့ မိန်းမကိုယ် ခြောက်သွေ့မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ အကြံပြုချက်လေးတွေ အောက်မှာ ဆက်လက်ပြောပြပေးပါမယ်…………
- မိန်းမကိုယ် ခြောက်သွေ့ခြင်းမှ သက်သာစေဖို့အတွက် အတူနေချိန်တိုင်းမှာ Water- Based ချောဆီနဲ့ မိန်းမကိုယ် Moisturizers သုံးပေးပါ။
- မဟော်မုန်းလို့ အလွယ်ခေါ်ကြတဲ့ အီစထရိုဂျင် (Estrogen) ဟော်မုန်းကုထုံး ခံယူပါ။ အီစထရိုဂျင် (Estrogen) ဟော်မုန်းကုထုံးကတော့ လိမ်းဆေး ၊ သောက်ဆေးနဲ့ မိန်းမကိုယ်အတွင်း Rings ထည့်ရတဲ့ ကုထုံးတွေရယ်လို့ အမျိုးမျိုးရှိပါတယ်။ အီစထရိုဂျင် (Estrogen) ဟော်မုန်းကုထုံးဟာ မိန်းမကိုယ် တစ်သျှူးတွေကို အသစ်တဖန်ပြန်လည် တည်ဆောက်ပေးပြီး မိန်းမကိုယ်ရဲ့ သဘာဝချောဆီ ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။
- DHEA သို့မဟုတ် Dehydroepiandrosterone ဆိုတာ အီစထရိုဂျင် (Estrogen) နဲ့ တက်စတိုစတီရုန်း (Testosterone) တို့လို ဟော်မုန်းတွေ ထုတ်လုပ်ရာမှာ အရေးပါတဲ့ Adrenal Glands တွေပနေ ထုတ်လွှတ်တဲ့ ဟော်မုန်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းဟာ အသက်ကြီးလာတာနဲ့အမျှ သဘာဝအတိုင်း ခန္ဓာကိုယ်ကနေ ထုတ်လုပ်မှု လျော့နည်းလာတက်ပါတယ်။ DHEA ထုတ်လုပ်မှုကို မြှင့်တင်ဖို့ ဖြည့်စွက်ဆေးဝါးတွေ မှီဝဲနိုင်ပြီး DHEA တိုးမြင့်ခြင်းဟာ သွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ် ချောဆီ ထုတ်လုပ်မှုနဲ့ လိင်မှုဆိုင်ရာ စိတ်ကျေနပ်မှုတိုးစေဖို့အတွက် အထောက်အကူ ပြုပါတယ်။
Photo : Healthshots
ဟော်မုန်းကုထုံး မဟုတ်တဲ့ Laser Therapy ၊ Pelvic Floor Therapy နဲ့ Sexual Therapy အခြေခံ Mindfulness နည်းလမ်းတွေကို အသုံးပြုပြီးလည်း မိန်းမကိုယ် ခြောက်သွေ့ပြဿနာနဲ့ လိင်မှုဆိုင်ရာ သာယာကျေနပ်မှု တိုးစေဖို့ ကုသနိုင်ပါတယ်။ အမျိုးသမီးတစ်ဦးစီအလိုက် မိမိနဲ့ ကိုက်ညီတဲ့ ကုထုံးနည်းကို နားလည်တက်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူနိုင်ပါတယ်။
Source : Healthshots
Featured Photo : Healthshots