နာမည်ကျော် One Direction အဖွဲ့ဝင်ဟောင်း ဟယ်ရီ စတိုင်းစ်ရဲ့ အယ်လ်ဘမ်သစ် Harry’s House ထဲက As It Was သီချင်း ဟာ UK Singles Chart မှာ နှစ်ပတ်ဆက်တိုက် နံပါတ်တစ်နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။

As It Was ဟာ ဟယ်ရီ စတိုင်းစ် ရဲ့ တတိယမြောက် စတူဒီယိုအယ်လ်ဘမ် Harry’s House ထဲက အဖွင့်သီချင်းဖြစ်ပြီး ဒီသီချင်းဟာ UK မှာ နားဆင်မှုပေါင်း ၇.၆ သန်းနဲ့ ဗြိတိန်ရဲ့ လူကြိုက်အများဆုံးသီချင်းအဖြစ် ရပ်တည်နေပါတယ်။ ဒီသီချင်းရဲ့ နောက်မှာ အမေရိကန် Rapper ဂျက် ဟားလိုးရဲ့ First Class သီချင်းက ဒုတိယနေရာက လိုက်နေတယ်လို့ ဆိုပါတယ်။

harry-styles

Photo : gazetteherald

အသက် ၂၉ နှစ်အရွယ် ဟယ်ရီ စတိုင်း ဟာ As It Was နဲ့ ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တစ်ရပ်ပါ စိုက်ထူနိုင်ခဲ့တယ်လို့ CNN Entertainment က ဖော်ပြပါတယ်။ စတိုင်းစ်ရဲ့ As It Was ဟာ Spotify ‌မှာ ၂၄ နာရီအတွင်း နားဆင်မှု ၁၆ သန်းကျော် ရှိခဲ့ပြီး Stream အများဆုံး သီချင်း (အမျိုးသားအဆိုတော်) စံချိန်သစ် ရထားတယ်လို့ Guinness က ထုတ်ပြန်ပါတယ်။

ဧပြီ ၁ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ As It Was ဟာ အမေရိကန်အပါအဝင် ၃၄ နိုင်ငံမှာလည်း Stream အများဆုံးရ သီချင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အမျိုးသမီးအဆိုတော်ထဲက Spoitfy ပေါ်မှာ တစ်ရက်တည်းနဲ့ နားဆင်မှု Stream အများဆုံးပုဂ္ဂိုလ်ဟာ အင်္ဂလန်အဆိုတော် အဒဲလ် ဖြစ်ပြီး Easy On Me နဲ့ ၂၄ နာရီအတွင်း Stream ၂၉ သန်းကျော် ရှိခဲ့တာပါ။

 

ယူကေမှာ ဖြန့်ချိတဲ့ သီချင်း အယ်လ်ဘမ်တွေရဲ့ အချက်အလက်ကို ဖော်ပြနေတဲ့ OCC ဝက်ဘ်ဆိုက်မှာ ဧပြီ ဒုတိယအပတ်အတွက် ထိပ်တန်းသီချင်း ၁၀ ပုဒ်စာရင်းမှာ Harry Styles ရဲ့ As It Was ၊ Jack Harlow ရဲ့ First Class ၊ Aitch/Ashanti ရဲ့ Baby ၊ Dave ရဲ့ Starlight ၊ Fireboy DML & Ed Sheeran ရဲ့ Peru ၊ Cat Burns ရဲ့ Go ၊ Belters Only Ft Jazzy ရဲ့ Make Me Feel Good ၊ Camila Cabello Ft Ed Sheeran ရဲ့ Bam Bam ၊ Jax Jones Ft Mnek ရဲ့ Where Did You Go နဲ့ Luude Ft Colin Hay တို့ရဲ့ Down Under သီချင်းတွေက အစဉ်အတိုင်း ရပ်တည်နေပါတယ်။

Featured Photo : News Week