ဒေါ့မွန်ကြယ်ပွင့် အာလင် ဟာလန်း ကိုခေါ်ယူဖို့ မန်စီးတီး အသင်းရဲ့ ကြိုးပမ်းမှုဟာ နီးစပ်လာခဲ့ပြီဖြစ်ပြီး အသင်းနဲ့ ၎င်းရဲ့အေးဂျင့်တွေကြားမှာ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် ရှေ့ကိုခြေတစ်လှမ်း တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Sportsmail ရဲ့ ဖော်ပြချက်အရတော့ မန်စီးတီး အသင်းဟာ ဟာလန်းကို တစ်ပတ်လုပ်ခ ပေါင် ၅ သိန်းကျော်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့တာဖြစ်ပြီး ဒါဟာ သူ့ကို ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအများဆုံး ကစားသမားတစ်ယောက် ဖြစ်လာစေမှာပဲ ဖြစ်ပါတယ်။

Photo : Football Today

မန်စီးတီး အသင်းအနေနဲ့ အဆိုပါ ၂၁ နှစ်အရွယ် တိုက်စစ်မှူးကို ‌ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၆၃ သန်းနဲ့ ခေါ်ယူဖို့ မျှော်လင့်နေတာဖြစ်ပြီး စီစဉ်ထားတဲ့အတိုင်း ခေါ်ယူဖြစ်ခဲ့မယ်ဆိုရင် လာမယ့်သီတင်းပတ်အတွင်းမှာ ၅ နှစ်စာချုပ် ချုပ်ဆိုဖွယ်ရှိ‌နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်တုန်းကတော့ ဒေါ့မွန်အသင်းဟာ မည်သည်တစ်စုံတစ်ရာကိုမှ သဘော တူညီမှုမရခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ပြီး ရီးရဲလ် မက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းအပါအဝင် တခြားအသင်းတွေရဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေဟာလည်း အဆုံးသတ်ဖွယ် ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ အဆိုပါ နော်ဝေကစားသမားဟာ အသင်းမှာ နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့ကိုလည်း မျှော်လင့်ချက်ရှိနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မန်စီးတီး အသင်းကတော့ ဟာလန်းကိုခေါ်ယူဖို့ တိတ်တဆိတ် ကြိုးပမ်းနေခဲ့သလို ယုံကြည်မှုလည်း အပြည့်အဝရှိနေပြီး လက်ရှိမှာ ၎င်းဟာ နည်းပြ ဂွာဒီယိုလာရဲ့ အလိုအရှိဆုံးဖြစ်နေတဲ့ တိုက်စစ်ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးခေါ်ယူရေး ရှာဖွေမှုဟာလည်း အတော်လေး ခရီးပေါက်လာခဲ့ပြီလို့ ပြောရမှာ ဖြစ်ပါတယ်။


Photo : Man City Square

အဆိုပါ စပိန်နည်းပြဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဟာရီကိန်းကို ခေါ်ယူဖို့ လွဲချော်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာမှာ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ လိဒ်က မွေးဖွားလာတဲ့ ဟာလန်းဟာ ဆဲလ်ဘတ်နဲ့ မိုလ်ဒီ အသင်းတွေမှာ ကစားပေးခဲ့ဖူးပြီး စနေနေ့က ဝုဖ်ဘတ်ကို ၆-၁ နဲ့အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့သလို ဒီရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၃၁ ပွဲမှာ ၃၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးအသင်းမှာ ကစားခဲ့ဖူးတဲ့ ဟာလန်းရဲ့ဖခင်ဖြစ်သူ ကစားသမားဟောင်း အင်ဂီဟာလည်း စီးတီးအသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ထည်ထည်ဝင်ဝင် ပါဝင်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း မန်စီးတီးဟာ ဥရောပရဲ့ အကျော်ကြားဆုံး ကစားသမားဖြစ်တဲ့ ဟာလန်းကိုခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ပုဂ္ဂိုလ်ရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးပြီလို့ Daily Mail သတင်းမှာ ဖော်ပြခဲ့ပါတယ်။

တစ်ပတ်ကို ပေါင် ၅၀၀၀၀၀ ကျော်ရမယ့် ဟာလန်းရဲ့လုပ်ခလစာဟာ လက်ရှိ မန်စီးတီး မှာတစ်ပတ်ကို ပေါင် ၃၈၅၀၀၀ ရနေတဲ့ ကယ်ဗင် ဒီဘရိုင်းနားရဲ့ လစာထက် ကျော်လွန်သွားစေမှာ ဖြစ်ပါတယ်။

Photo : BILD.de

အပြီးသတ် သဘောတူညီမှုရရှိခဲ့ပါက ဟာလန်း ဟာ မန်စီးတီး အသင်းနဲ့အတူ လာမယ့် ဇူလိုင်လထဲမှာ အတ္တလန်တိတ်ကို ဖြတ်ကျော်ဖို့ ခြေစမ်းပွဲနှစ်ပွဲ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နော်ဝေးကစားသမားဟာ အဆိုပါပွဲစဉ်တွေမတိုင်ခင် ဇွန်လထဲမှာယှဉ်ပြိုင်ရမယ့် နေးရှင်းလိဂ်မှာ ၄ ပွဲပါဝင်ကစားရ ဖွယ်ရှိနေပြီး ဇွန်လ ၁၂ ရက်နေ့မှာတော့ ၎င်းရဲ့ နောက်ဆုံးပွဲစဉ်အဖြစ် ဆွီဒင်နဲ့ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Featured Photo : SPORTbible