မာတင် အိုဒီဂတ် ဟာ ၎င်းရဲ့ နော်ဝေလက်ရွေးစင်အသင်းဖော် အာလင်း ဟာလန်း ကို ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ကို ပြောင်းလာချင်တယ်ဆိုရင် အာဆင်နယ်ကို ပြောင်းရွှေ့သင့်တယ်လို့ ဟာသဖောက်ခဲ့ပါတယ်။

Erling Haaland

Photo: Bundesliga

ဒေ့ါမွန်တိုက်စစ်မှူးဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေရဲ့ နှောင့်ယှက်ခြင်းကိုခံခဲ့ရပေမယ့်လည်း ဥရောပမှာ ဂိုးသွင်းအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ဂုဏ်သတင်း ကျော်စောသူဖြစ်ပြီး ယခုရာသီ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် ၃၃ ဂိုး သွင်းယူပေးထားခဲ့ပြီးဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ခံစစ်တွေကို ၂ နှစ်ခွဲနီးပါး နှိပ်စက်ခဲ့ပြီးနောက် ဟာလန်းဟာ ယခုနွေရာသီမှာ အပြောင်းအရွှေ့ပြုလုပ်ဖို့ ပြင်ဆင်နေပြီး ဥရောပရဲ့အကြီးမားဆုံးကလပ်အသင်းကြီးတွေအချို့က နော်ဝေတိုက်စစ်မှူးကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

စပိန်လာလီဂါဘီလူးကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ဟာလန်း နောက်ထပ်ပြောင်းရွှေ့နိုင်တဲ့ နေရာတွေအဖြစ် ပေါ်ထွက်နေခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့အပတ်က သတင်းတွေအရ ဟာလန်းဟာ မန်စီးတီးကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးအခြေအနေရောက်နေပြီလို့ သိရပါတယ်။

Martin Odegaard celebrating

Photo: Teamtalk

မန်ချက်စတာစီးတီးဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သိန်းတန်ကြေးရှိတဲ့ စာချုပ်ပါ ပုဂ္ဂိုလ်ရေးအချက်တွေကို သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပြီး ဟာလန်းက ပရီးမီးယားလိဂ်မှာ လစာအများဆုံးရရှိတဲ့ ကစားသမား ဖြစ်လာတော့မှာဖြစ်ပါတယ်။ အာဆင်နယ်ပရိသတ်တွေက အိုဒီဂါတ်အနေနဲ့ ၎င်းရဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့ လက်ရွေးစင်အသင်းဖော်ကို စည်းရုံးနိုင်မယ်လို့ မျှော်လင့်နေပြီး ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ရှပ်ဝတ်ထားတဲ့ ဟာလန်း ကလေးဘဝတုန်းက ဓာတ်ပုံ ထွက်ပေါ်လာပြီးနောက် ပိုလို့တောင် ယုံကြည်မှုတွေ ရှိလာတာဖြစ်ပါတယ်။

Haaland and Odegaard

Photo: Football Espana

ဟာလန်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောဆိုရာမှာ အိုဒီဂတ်က “သူက ရယ်စရာကောင်းတဲ့ကောင်ပါ။ လူကောင်းတစ်ယောက်ဖြစ်ပြီး ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သလို အရမ်းကောင်းတဲ့ ကစားသမားလည်း ဟုတ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သူ ဘာလုပ်မလဲဆိုတာကို ကြည့်ကြတာပေါ့။ ကျွန်တော်ကတော့ သူ ဘာလုပ်မလဲမသိပါဘူး။ သူ အင်္ဂလန်ကို လာမယ်ဆိုရင် သူ ကျွန်တော်တို့ဆီ လာဖို့လိုတယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် သူ ဘာလုပ်မလဲဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် သူက အရမ်းကောင်းတဲ့ကောင်ပါ”

“ရိုးရိုးသားသားပြောရရင် ကျွန်တော် အဲဒီကိစ္စနဲ့ပတ်သက်ပြီး အများကြီး မပြောခဲ့ပါဘူး။ သူ့ကို လူတွေအများကြီးက ပြောဖို့ ကြိုးပမ်းနေတယ်ဆိုတာ ကျွန်တော် သိပြီး ကျွန်တော် အဲဒီလို မပြောချင်ပါဘူး။ သူက သားရဲတစ်ကောင်ပါ။ သူက သန်မာတယ်။ လျင်မြန်တယ်။ သူ့မှာ အရာအားလုံးရှိတယ်လို့ ကျွန်တော် ထင်တယ်။ သူက ရှင်းရှင်းပြောရရင် နိုင်ငံတိုင်းက လိဂ်တိုင်းမှာ ကစားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Metro