တရုတ်နိုင်ငံရဲ့ နာမည်ကြီး ခရီးသွားမြို့တော်ကြီး တစ်ခုဖြစ်တဲ့ ဟောင်ကောင် ကတော့ ခရီးသွားချစ်သူတွေ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ရောက်ဖူးသင့်တဲ့ နေရာတစ်ခုပါ။ တရုတ်ရဲ့စီးပွားရေး အချက်အချာမြို့တစ်မြို့ ဖြစ်သလို ခေတ်မီဆန်းသစ်တဲ့ မြို့ပြရဲ့အငွေ့အသက်တွေ စိမ့်ဝင်ဖြစ်တည်နေတဲ့ ဂုဏ်သတင်းကြီးမားတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ လည်ပတ်စရာ နေရာတွေအရမ်းကို များပြီး အားလပ်ရက်ကို အချိန်ဖြုန်းရတန်စေမယ့် မြို့လို့လည်း ပြောရင်မမှားနိုင်ပါဘူး။ ဒီတစ်ခေါက်မှာတော့ ဟောင်ကောင်ကို သွားရောက်လည်ပတ်မယ်ဆိုရင် မဖြစ်မနေ ရောက်အောင်သွားရမယ့် စိတ်ဝင်စားဖို့အကောင်းဆုံး နေရာလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) Chungking Mansions

Photo : Adventures of a GoodMan
အစားအသောက်ချစ်သူ ခရီးသွားတွေ အတွက်ကတော့ ဟောင်ကောင် ရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုက Chungking Mansions ပါ။ ဒီနေရာဟာ တရုတ်ဒေသခံ လူမျိုးစုတွေနဲ့ တောင်အာရှလူမျိုးတွေ အများဆုံး နေထိုင်ကြပြီး အာဖရိကအပါအဝင် တောင်အာရှရဲ့ နာမည်ကြီး အစားအစာတွေကို မြည်းစမ်းနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။ ဒေသခံတွေရဲ့ရိုးရာ အစားအသောက်တွေ ၊ အာရှလူမျိုးတွေရဲ့ ဒေသထွက် အစားအစာတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ သေချာပေါက် သွားသင့်ပါတယ်။
(၂) Temple Street Night Market

Photo : Ovolo Hotels
ဟောင်ကောင် ရဲ့ နာမည်အကြီးဆုံး Night Market တွေထဲကတစ်ခုလို့ လူသိများပါတယ်။ Temple Street Night Market ဟာ စည်ကားသိုက်မြိုက်လှတဲ့ ဈေးဆိုင်တန်းတွေ ၊ လှည့်လည်ကြည့်ရှုစရာ ဈေးကြီးတွေ ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေနဲ့ အရသာအရှိဆုံးနဲ့ ဈေးသက်သာတဲ့ တရုတ်လမ်းဘေးအစားအစာတွေကို မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ ညဈေးတန်းမှာ ရှောပင်ထွက်မယ် ၊ မုန့်ပတ်စားမယ်ဆိုရင်တော့ Temple Street Night Market က သွားကိုသွားရမယ့် နေရာတစ်ခုပါပဲ။
(၃) Big Buddha

Photo : Fly over the World
ဟောင်ကောင် ဒေသခံတွေကတော့ Tian Tian Buddha လို့ခေါ်ပါတယ်။ ဟောင်ကောင်ရောက်ရင် ခရီးသွားတိုင်း မဖြစ်မနေသွားရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်ပြီး ကြီးမားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးဟာ အမြင့် ၃၄ မီတာခန့် ရှိပါတယ်။ Big Buddha ရုပ်ပွားတော်ဟာ အေးချမ်းသာယာလှတဲ့ သဘာဝရှုခင်းတွေနဲ့အတူ Po Lin ဗုဒ္ဓကျောင်းတိုက်အထက်မှာ တည်ရှိနေပြီး နှစ်စဉ် ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးတွေ ၊ ခရီးသွားတွေ ထောင်နဲ့ချီ လာရောက်လည်ပတ်ကြပါတယ်။
(၄) Lan Kwai Fong

Photo : Wikipedia
ဟောင်ကောင်ရဲ့ မြို့ပြ Nightlife ကို ဖြတ်သန်းဖို့ ဆိုရင်တော့ Lan Kwai Fong ဆိုတဲ့ မြို့လယ်က လမ်းလေးဟာ သွားကိုသွားရမယ့် နေရာတစ်ခုပါ။ Lan Kwai Fong ရဲ့ ညခင်းဟာ ခရီးသွားတွေ ၊ ဒေသခံတွေနဲ့ စည်းကားနေပြီး အနားယူအပန်းဖြေစရာ စားသောက်ဆိုင်တွေ ၊ဘားတွေ ၊ နိုက်ကလပ်တွေနဲ့ ဖျော်ဖြေးရေး အစီအစဉ်တွေ အများကြီး ရှိနေတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ဟောင်ကောင် မှာ အမိုက်စား ညတစ်ညကို အချိန်ဖြုန်းချင်ရင်တော့ Lan Kwai Fong ကို ရောက်အောင်သွားဖို့ ညွှန်းချင်ပါတယ်။
(၅) Hong Kong Park

Photo : ZOLIMA CITYMAG
ဟောင်ကောင် မြို့လည်မှာ တည်ရှိတဲ့ စိမ်းစိုလန်းဆန်းတဲ့ အိုအေစစ် နေရာလေး တစ်ခုကတော့ Hong Kong Park ပါ။ Hong Kong Park ကို ၁၉၉၁ ခုနှစ်အလယ်လောက်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး စိတ်ဝင်စားကောင်းတဲ့ ငှက်မျိုးစိတ်တွေ ၊ ရေကန်တွေ ၊ ရေတံခွန်အသေးစားတွေ ၊ စိမ်းစိုလှပတဲ့ သစ်ပင်တွေ ၊ ဖန်လုံအိမ် ၊ စားသောက်ဆိုင်တွေ ၊ ကစားကွင်း ၊ Flagstaff House Museum of Tea Ware နဲ့ Hong Kong Visual Art Center တို့လည်း ရှိပါတယ်။ Hong Kong Park ဟာ အားလပ်ရက် မိသားစုနဲ့ဖြစ်ဖြစ် ၊ ချစ်သူလေးနဲ့ဖြစ်ဖြစ် သွားရောက်လည်ပတ်လို့ကောင်းတဲ့ နာမည်ကြီးနေရာတစ်ခုပါပဲ။
Source : NOMADasaurus
Featured Photo : AwayGoWe
