လှပတဲ့ နေရာသစ်တစ်ခုဆီသို့ သွားရောက်ဖို့အတွက် သိန်းသောင်းချီပြီး အကုန်ခံစရာမလိုသလို ကမ္ဘာပတ်ဖို့အတွက် သိန်းထီဆုကြီး ပေါက်စရာလည်း မလိုပါဘူး။ ကွီးတို့သာ အကုန်အကျ နည်းနည်းနဲ့ ဘတ်ဂျက် ခရီး ဘယ်လိုသွားရမလဲဆိုတာကို သိထားတယ်ဆိုရင် အကုန်အကျ သက်သက်သာသာနဲ့ ကမ္ဘာပတ်လို့ရပါတယ်။
အခုဖော်ပြမယ့် အဓိက အချက် (၆) ချက်လောက်ကို သိထားရင်ကိုပဲ အကုန်အကျ နည်းနည်းနဲ့ ဘတ်ဂျက် ခရီးထွက်လို့ရပါပြီ။
အစီအစဥ်တစ်ခု ရေးဆွဲလိုက်ပါ
မကြာခဏဆိုသလို ခရီးသွားနေခြင်းက ကောင်းပါတယ်။ ကွီးတို့မှာသာ အချိန်နဲ့ ငွေတွေ ပေါများနေတယ်ဆိုရင်ပေါ့။
ဒီလိုမှ မဟုတ်ဘဲ အလုပ်တွေ များပြီး အချိန်ကလည်း မရဘူး၊ ငွေကုန်ကြေးကျလို့ အများကြီး မကုန်ချင်ဘူးဆိုရင်တော့ အစီအစဥ်တစ်ခု သေသေချာချာ ရေးဆွဲထားဖို့ လိုပါပြီ။ ဘယ်နှနာရီမှာ ထမင်းစားမယ်၊ ဘယ်နှနာရီမှာ အိပ်မယ် ဆိုပြီး အသေးစိတ် ရေးထားစရာတော့ မလိုပါဘူး။ အနည်းဆုံးတော့ ကွီးတို့သည် ထိုနေရာမှာ ဘယ်နှရက်ကြာမှာလဲ။ ဘယ်နေ့မှာ စထွက်မှာလဲ၊ ဘယ်နေ့မှာ ပြန်လာမှာလဲဆိုတဲ့ ယေဘုယျ အစီအစဥ်တစ်ခုတော့ ရှိဖို့လိုအပ်ပါတယ်။ အနားကပ်မှာ စီစဥ်ရင်တော့ လေယာဥ်လက်မှတ်ရော၊ တည်းခိုစရိတ်တွေပါ ဈေးကြီးနေမှာပါ။
ခရီးသွားရာသီကုန်မှ သွားပါ
ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်လိုမျိုး၊ ရက်ရှည် ပိတ်ရက်တွေမှာ ခရီးသွားခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ထိုအချိန်မျိုးမှာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတွေက ဈေးတွေ မိုးပျံနေအောင် မြှောက်ထားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ခရီးထွက်မယ်ဆိုရင် ခရီးသွားရာသီ မစခင် (သို့) ကုန်သွားတဲ့အချိန်မျိုးမှာ သွားလာသင့်ပါတယ်။
တည်းခိုတဲ့ နေရာကို သေချာရွေးချယ်ပါ
ရေကူးကန်ကြီးတွေ၊ ခမ်းခမ်းနားနားနား ပြင်ဆင်ထားတဲ့ ဖိုက်စတား ဟိုတယ်ကြီးတွေမှာ တည်းခိုမယ့်အစား စုပေါင်း စပ်တူ နေလို့ရတဲ့ အဆောင်များ (သို့) တည်းခိုခန်းတွေမှာ တည်းခိုသင့်ပါတယ်။ မသွားခင်တော့ ထိုဈေးသက်သာတဲ့ နေရာတွေကို ရီဗျူးအရင် လေ့လာထားပါ။ တော်ကြာနေ ကြမ်းပိုး ကိုက်နေလို့ တစ်ညလုံး အိပ်မရဖြစ်နေပါလိမ့်မယ်။ ဘတ်ဂျက် ခရီးကို စီစဥ်တဲ့အခါ အဲ့ဒီ့တစ်ပေါက်တော့ ကြိုတင်လေ့လာထားဖို့ လိုပါတယ်။
လေယာဥ်လက်မှတ်များကို ကြိုတင် ဝယ်ယူပါ
လေကြောင်းလိုင်းတွေ အကုန်ုလုံးက တစ်နှစ်စာ ထိုင်ခုံများကို ကြိုထုတ်ပေးထားတာ ဖြစ်ပါတယ်။ ကွီးတို့ သွားမယ့်ရက်က ပိုနီးလာလေ လေယာဥ်စရိတ်က ပိုများလေပါပဲ။ အထူးသဖြင့် နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလဆို ပိုဆိုးပါတယ်။ အသွားတစ်ကြောင်းစာပဲ လေယာဥ်လက်မှတ် ဝယ်ထားပြီး အပြန်လေယာဥ်လက်မှတ် မဝယ်လို့မရပါဘူး။ နားကားသွားပါလိမ့်မယ်။
ဘတ်စ်ကားများ၊ ရထားများဖြင့် သွားလာတတ်ပါစေ
ကိုယ်ကလေ ကိုယ်ပိုင်ကားနဲ့မှ သွားတတ်တာ၊ တက္ကစီနဲ့ပဲ သွားတတ်တာ၊ ကြိတ်ကြိတ်တိုး စီးနေရတဲ့ ဘတ်စ်ကားတို့ ရထားတို့ မစီးတတ်ဘူးဆိုရင် ဘတ်ဂျက် ခရီး မထွက်ပါနဲ့။ ဘတ်ဂျက် ခရီးထွက်မယ်ဆိုကတည်းက အများနည်းတူ Public Transportation ကို စီးနင်းတတ်ရပါမယ်။ ဂျီးများနေလို့ မရပါဘူး။ တကယ်လို့ ကွီးတို့က ပြည်တွင်းမှာပဲ ခရီးသွားမယ်ဆိုရင် လေယာဥ်ထက်စာရင် ဘတ်စ်ကားတို့ ရထားတို့နဲ့ ခရီးသွားဖို့ အကြံပေးချင်ပါတယ်။
ဈေးကြီးတဲ့ နေရာတွေမှာ မစားပါနဲ့
ဈေးသက်သာတဲ့ နေ့လည်စာများ၊ ညစာများကို စူပါမားကတ်တွေနဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ဈေးဆိုင်တန်းတွေမှာ ဝယ်ယူလို့ရပါတယ်။ ဈေးကြီးလို့တဲ့ ကော်ဖီဆိုင်တို့၊ စားသောက်ဆိုင်တို့မှာ ပိုက်ဆံ သုံးပစ်မယ့်အစား ဈေးသက်သာပြီး အရသာရှိရှိ စားသုံးနိုင်တဲ့ ဆိုင်တွေ ပေါပါတယ်။ မသွားခင်ကတည်းက ကြိုတင် လေ့လာထားလိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့လည်း အကုန်အကျ သက်သက်သာသာနဲ့ ဘတ်ဂျက် ခရီးသွားနိုင်ပြီပဲဖြစ်ပါတယ်။
Source: Ef
Featured Image: Freepik