အေးချမ်းတည်ငြိမ်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အကောင်းမြင်စိတ် ဟာ အခြေခံအုတ်မြစ်ပါပဲ။ စာရေးသူတို့ရဲ့ စိတ်ထဲမှာ အဆိုးမြင် အတွေးတွေ စုပုံလာတာနဲ့အမျှ ဘဝရဲ့လှပတဲ့ အရည်အသွေးတွေ ၊ တန်ဖိုးထားမှုတွေကို အာရုံမစိုက်နိုင်တော့ပဲ စိတ်ဝိညာဉ်တစ်ခုလုံးကို ပျက်စီးရာပျက်စီးကြောင်းဆီသို့ ဦးတည်သွားစေနိုင်ပါတယ်။ ဒီလို အဆိုးမြင်စွမ်းအားတွေကို သင့်ဘဝထဲ ဝင်ခွင့်ပြုမယ့်အစား အကောင်းမြင်စိတ်နဲ့ ဘဝကို အလင်းသစ်ဆီသို့ ခေါ်ဆောင်သွားလိုက်ပါ။ ဒီဆောင်းပါးမှာတော့ အကောင်းမြင်စိတ်က သင့်ဘဝအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရနိုင်မလဲဆိုတာ ပြောပြပေးပါမယ်။

(၁) စိတ်ဖိစီးမှုတွေကို သက်သာစေတယ်

Reduced Stress Level

Photo : Inc. Magazine

ရိုးရိုးလေး တွေးကြည့်ရအောင်ပါ။ အတွေးတွေထဲမှာ မကောင်းတဲ့ စွမ်းအားတွေ ၊ အဆိုးမြင်အတွေးတွေ လွှမ်းမိုးနေတဲ့အခါ သင့်ရဲ့စိတ်ဝိညာဉ်ဟာ လေးလံထိုင်းမှိုင်းနေမှာပါ။ ကိုယ့်ကိုယ်ကိုယ် ဖိအားတွေ ထပ်ထပ်ပေးနေရုံမှအပ တခြားကောင်းကျိုး မရှိနိုင်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကောင်းတဲ့ အတွေးတွေ ၊ အပြုသဘောဆောင်တဲ့ အမြင်တွေကို ရှေ့တန်းတင်လိုက်မယ် ဆိုရင်တော့ ပေါ့ပါးတဲ့ စိတ်ဝိညာဉ်ကို ရရှိမှာဖြစ်ပြီး သင့်ဘဝထဲက ကြုံတွေ့နေရတဲ့ ဖိအားတော်တော်များများကိုပါ သက်သာပြေလျော့ သွားစေမှာ ဖြစ်ပါတယ်။

(၂) ပေါ့ပါးသွက်လက်မှု ရစေတယ်

Sound Body

Photo : Medium

စိတ်နဲ့ခန္ဓာဟာ အမြဲဆက်နွယ် နေတာပါ။ စိတ်မပျော်ရင် လူမလန်းနိုင်ပါဘူး။ အတွင်းစိတ်ကို ကောင်းတဲ့ဘက်သို့ ဦးတည်ပြီး အပြုသဘောဆောင်တဲ့အရာတွေ များများတွေးပေးမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာမှာပါ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေမှာပါ။ အကောင်းမြင်စိတ်ရဲ့ အကျိုးဆက်က စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို ရစေတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာမှာပါ ပေါ့ပါးသွက်လက်စေပြီး တက်ကြွလန်းဆန်းတဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

(၃) အာရုံစူးစိုက်မှု ပိုကောင်းစေတယ်

Focused on Yourself

Photo : BenchmarkONE

အတွေးတွေက ရှင်းလင်းနေတဲ့အခါ သင့်ရဲ့စိတ်ဟာ တည်ငြိမ်နေတဲ့ ရေပြင်တစ်ခုလို ငြိမ်သက်အေးချမ်းတဲ့ အခြေအနေတစ်ခုမှာ ရှိနေမှာပါ။ အတွေးတွေ သန့်စင်ပြီး ရှင်းလင်းနေလေ အာရုံစူးစိုက်နိုင်စွမ်းဟာ ပိုပြီးကောင်းလေ ဖြစ်ပါတယ်။ တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်ဖို့ဆို အကောင်းမြင်စိတ် ဟာ အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါပဲ။

(၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးစေတယ်

Boost of Confidence
Photo : LinkedIn

ကိုယ့်ကိုယ်ကိုယ် သံသယဖြစ်တာ ၊ မယုံကြည်နိုင်တာ ၊ စိတ်ဓာတ်ကျတာ စတဲ့ အခြေအနေတွေဟာ အဆိုးမြင်စိတ်ကနေ ပေါက်ဖွားလာတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ အဆိုးမြင်စိတ်များလွန်းရင် ဘာကိုမှ ကောင်းကောင်း စဉ်းစားဆုံးဖြတ်နိုင်တော့မှာ မဟုတ်သလို တွေဝေတာ ၊ ခြေတုန်ချတုန်ဖြစ်တာ စတဲ့ ပြဿနာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မပေးနိုင်တော့တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ် ကို များများမွေးပေးပါ။ အကောင်းမြင်စိတ်ဟာ သင့်ကို ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ ၊ ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကို လုပ်ဆောင်နိုင်စေဖို့ ကူညီပေးနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိလာစေမှာ ဖြစ်ပါတယ်။

Source : Life Alofa

Featured Photo : Lucemi Consulting