Single ဖြစ်နေသူတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ရင် နှစ်မျိုးနှစ်စား ထွက်လာပါတယ်။ ပထမ တစ်မျိုးကတော့ ဘဝအခြေအနေ သို့မဟုတ် ကိုယ်တိုင် ဆုံးဖြတ်ချက်တစ်ခုခုကြောင့် တစ်ကိုယ်ရည် Single သမားဘဝကို ရွေးချယ်ထားကြတာ ဖြစ်ပါတယ်။ ဒုတိယ တစ်မျိုးကတော့ ” ငါဘာလို့ Single ဖြစ်နေသေးတာလဲ” ဆိုတဲ့ မေးခွန်းရဲ့အဖြေကို ရှာမတွေ့ပဲ ယောင်လည်လည် ဖြစ်နေသူတွေပါ။ တကယ်တော့ လက်တွဲဖော် ကြင်သူတစ်ယောက်ရှာဖွေရတဲ့ ခရီးစဉ်ဟာ လွယ်သလိုလိုနဲ့ တစ်ခါတစ်လေမှာ ခက်နေတက်ပြန်ပါတယ်။ ကွီးတို့အနေနဲ့ အခုအချိန်အထိ ဘာကြောင့် တစ်ယောက်တည်း ဖြစ်နေရတာလဲဆိုတဲ့ အကြောင်းအရင်းကို ပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
(၁) အဆင်သင့်မဖြစ်သေးလို့

Photo : Wingman Magazine
အချစ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရတော့ တစ်ကိုယ်တည်းသမား ဖြစ်နေသူအများစုဟာ သူတို့ကိုယ်တိုင် အဆင်သင့်မဖြစ်သေးလို့ လို့ဆိုပါတယ်။ အဆင့်သင့်မဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ လူတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့ကလည်း ဇာတ်လမ်းဟောင်းနဲ့ ရခဲ့တဲ့ အသဲကွဲဒဏ်ရာကို အမြစ်ပြတ် ကုစားနိုင်ခြင်းမရှိသေးလို့ အချစ်သစ်ပြန်စဖို့ အဆင့်သင့် မဖြစ်သေးတာ ၊ တချို့ကျပြန်တော့ လူတစ်ယောက်ကို ရင်ဘတ်နဲ့ရင်းပြီး တကယ်ချစ်နိုင်ဖို့ အဆင်သင့်မဖြစ်သေးတာ စသည်ဖြင့် အကြောင်းအရင်းတွေ ရှိနိုင်ပါတယ်။ ကိုယ်တိုင်က အဆင့်သင့်မဖြစ်သေးရင်တော့ ဆန့်ကျင့်ဘက် မိန်းကလေးတစ်ယောက်နဲ့ တူနှစ်ကိုယ်ဘဝတစ်ခု ပိုင်ဆိုင်ဖို့ နည်းလမ်းမရှိနိုင်ပါဘူး။
(၂) တခြားဦးစားပေး အရာတွေရှိနေလို့

Photo : Her Life Online
လူတိုင်းအချစ်နဲ့ ကင်းကွာလို့မရပေမယ့် ဘဝမှာ အချစ်ထက် ဦးစားပေးရမယ့်အရာတွေ ရှိနေရင်တော့ အချစ်ကို ဒုတိယနေရာ ပို့ထားကြရမှာပဲ မဟုတ်လား။ ဒီလိုဘဝအတွက် ဦးစားပေးအရာတွေ ရှိနေသူတွေကတော့ လက်ရှိမှာ မချစ်နိုင်သေးလို့ တစ်ကိုယ်သမားဖြစ်နေရပေမယ့် အချစ်ဘက်ကို မြှားဦးလှည့်နိုင်လာတဲ့ တစ်နေ့တော့ Single ဘဝကို ပျော်ပျော်ကြီး စွန့်လွတ်လိုက်ကြပေဦးမှာပါ။
(၃) စံနှုန်းသတ်မှတ်ချက်တွေ များနေလို့

Photo : Best Life
လူတစ်ယောက်မှာ ကိုယ်ပိုင်သတ်မှတ်ထားတဲ့ စံနှုန်းလေးတွေ အနည်းဆုံး တစ်ခုတော့ ရှိကြပါတယ်။ တချို့ဆို ရုပ်ပိုင်းဆိုင်ရာထက် စိတ်သဘောထား ဖြူစင်ရိုးသားသူတွေကို ချစ်သူအဖြစ် ရွေးချယ်ချင်ကြပါတယ်။ တချို့ကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာကို အလေးထားပြီး အသားဖြူမှ ၊ အရပ်ရှည်မှ ၊ ပိန်မှ ၊ လှမှ စသည်ဖြင့် စံနှုန်းသတ်မှတ်ချက်လေးတွေနဲ့ ရွေးချယ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်မှာ အားသာချက်ရှိသလို အားနည်းချက်ဆိုတာလည်း ရှိတက်ပါတယ်။ ဘာပုရမယ် ၊ ညာပုရမယ် ၊ ခြောက်ပြစ်ကင်းသဲလဲစင်ရမယ်ဆိုတဲ့ စံနှုန်းသတ်ချက်မှတ်ချက်တွေ အရမ်းများပြီး အရွေးလွန်နေရင်တော့ လူပျိုကြီးဘဝနဲ့ အရိုးထုတ်ရနိုင်ခြေများပါတယ်။
(၄) ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိလို့
Photo : P.S. I Love You
ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်းဟာ အချစ်ရေးမှ မဟုတ်ပါဘူး ဘဝတစ်လျှောက်လုံးအတွက် မဟာအမှားကြီး တစ်ခုပါပဲ။ ကိုယ်ရဲ့ အားနည်းချက် ၊ လိုအပ်ချက်တွေကိုပဲ ကြည့်လွန်းပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်ရင် ဘယ်အရာကိုပဲ ရှေ့ဆက်တိုးလို့ မရနိုင်ပါဘူး။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးတာဟာ ဘဝအတွက် ကြီးမားတဲ့ အဟန့်အတားကြီးတစ်ခုလို့ ပြောကြတာပါ။
မိန်းကလေးတွေအနေနဲ့လည်း အရာတော်တော်များများမှာ ပြည့်စုံအဆင်ပြေနေတဲ့ ယောကျာ်းတစ်ယောက်ကို ကြိုက်ကောင်းကြိုက်နိုင်ပါတယ်။ ဒါပေမယ့် လိုအပ်ချက်ရှိတဲ့ ယောကျာ်းတစ်ယောက်ကိုလည်း ချစ်သူအဖြစ် မရွေးချယ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ တကယ်ချစ်ရင် လိုအပ်ချက်တွေဆိုတာ အချစ်စိတ်နဲ့ ဖုံးပစ်နိုင်စွမ်းရှိပါတယ်။ လူတိုင်းမှာ လိုအပ်ချက် ၊ အားနည်းချက်တွေ ရှိကြပါတယ်။ ပြုပြင်ပြောင်းလဲလို့ရတဲ့ အရာတွေကိုတော့ ပြုပြင်ပြောင်းလဲလိုက်ပါ။ ပြုပြင်လို့မရတဲ့ အခြေအနေတွေကိုတော့ ဒီတိုင်းလေးပဲ ထားတာကောင်းပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးပြီး သိမ်ငယ်စိတ်တွေနဲ့ ကိုယ်တကယ်ချစ်တဲ့ အမျိုးသမီးကို ချဉ်းကပ်ဖို့ မကြိုးစားဘူးဆိုရင် ဒီတစ်သက် ရည်းစားရဖို့ မလွယ်တော့ပါဘူး။
Featured Photo : India.com

