အရွယ်ရောက်ပြီးသား လူတစ်ယောက်အတွက် လိင်မှုကိစ္စဆိုတာ မဆန်းပါဘူး။ သို့သော်လည်း ဒီနေ့ထိ လုံခြုံဘေးကင်းသော လိင်ဆက်ဆံမှုကို အလေးပေးဖို့ ပေါ့ဆနေတဲ့လူတွေ အများကြီးရှိနေပါသေးတယ်။ လိင်ဆက်ဆံခြင်း က တစ်ယောက်နဲ့တစ်ယောက် ရုပ်ပိုင်းဆိုင်ရာ သာယာပျော်ရွှင်မှုအတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ ကြည်နူးမှုကို ရရှိစေပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး သာယာပျော်ရွှင်စေသော လိင်မှုဆက်ဆံရေးမှာ အလေးထား လိုက်နာရမှာတွေ ပျက်ကွက်တာကြောင့် အပျော်ကနေ အပျက်ဖြစ်သွားတဲ့ သာဓကတွေလည်း အများကြီးပါတယ်။ ဒါ့ကြောင့် လိင်မှုကိစ္စဆောင်ရွက်ရမှာ နှစ်ဦးနှစ်ဖက် ဘေးကင်းလုံခြုံစွာ ချစ်နိုင်ဖို့ သိထားရမယ့် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။ ဆက်လက်ပြီးတော့ အချစ်နဲ့ မကင်းနိုင်ရင် လိုက်နာရမယ့် အချက်လေးတွေကို ကြည့်လိုက်ရအောင်။

ကွန်ဒုံးအသုံးပြုပါ

အချစ်နဲ့ မကင်းနိုင်ရင်

Photo : Time Live

ဒီအချက်ကို လူတော်တော်များများ သိထားပေမယ့် တိတိကျကျ လိုက်နာဖို့ လိုအပ်နေတဲ့ သူတွေရှိနေပါသေးတယ်။ တချို့သော လူတွေက လိင်ဆက်ဆံမှုမှာ အကာအကွယ် (ကွန်ဒုံး) အသုံးပြုခြင်းက အလွှာခြားနေပြီး ပြည့်ပြည့်ဝဝ သာယာမှုမရရှိနိုင်ဘူးလို့ ထင်တတ်ပါတယ်။ သို့သော်လည်း ယနေ့ခေတ်ဈေးကွက်မှာ ကွီးတို့ရဲ့ သာယာပျော်ရွှင်မှုကို ပံ့ပိုးပေးနိုင်တဲ့ ကွန်ဒုံးအမျိုးအစားတွေ အမျိုးမျိုးရှိနေပါပြီ။ ဒါ့အပြင် ကွန်ဒုံးအသုံးပြုခြင်းက ကွီးတို့ရဲ့ လိင်ဆက်ဆံမှုကို ကြာရှည်ခံစေပြီး အချိန် ကြာကြာချစ်နိုင်ပါတယ်။ သုတ်လွှတ်မြန်သော အမျိုးသားများနဲ့ ၎င်းတို့ရဲ့ ဆက်ဆံဖော်အတွက် ကွန်ဒုံးအသုံးပြုခြင်းက လိင်ဆက်ဆံမှုကို ပိုမိုကြာရှည်စေပြီး သာယာကျေနပ်မှုကို ပိုမိရရှိစေတယ်လို့ ဆိုပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်နိုင်တဲ့အပြင် လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါများကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

ကွန်ဒုံးအသုံးပြုရမှာ မှန်မှန်ကန်ကန် သုံးတတ်ဖို့ကလည်း အရေးကြီးပါတယ်။ ရက်စွဲကို အမြဲတမ်းစစ်ဆေးပါ။ ကွန်ဒုံးကို ဖောက်တဲ့အခါမှာ လက်သည်း၊ လက်ဝတ်ရတနာ၊ သွားများဖြင့် မကိုက်မိစေရန် သတိထားပါ။ ကွန်ဒုံးကို လိင်မှုအစကနေ အဆုံးထိ အသုံးပြုပါ။

ပိုမိုလုံခြုံသော လိင်ဆက်ဆံမှုအတွက် အခြားသော နည်းလမ်းများ

Photo : Allure

  • ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ လိင်ကျန်းမာရေးနဲ့ ကျန်းမာရေး အခြေအနေများကို ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။
  • အချင်းချင်းရဲ့ လိင်ပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ စူးစမ်းလေ့လာချင်တဲ့ အပိုင်းများ၊ ကိုယ်ကြိုက်တဲ့အချက်၊ မကြိုက်တဲ့အချက် စတာတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုပါ။
  • လိင်မှတဆင့် ကူးစက်တတ်သော ရောဂါများ ရှိမရှိကို နှစ်ဦးစလုံး စစ်ဆေးမှု ခံယူပါ။
  • တစ်ယောက်ယောက်ဆီမှာ ကူးစက်နိုင်သော ရောဂါမရှိကြောင်း သေချာသော ဆေးဘက်ဆိုင်ရာ စစ်ဆေးချက်များ မရရှိမချင်း လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။
  • မူးယစ်ဆေးဝါးနှင့် အရက်ကြောင့် လိင်ဆက်ဆံမိခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
  • လိင်ဆက်ဆံဖော် အရေအတွက်များများ ထားရှိခြင်းနဲ့ သေချာမသိသော လူများနဲ့ လိင်ဆက်ဆံခြင်းကို လုံးဝ ရှောင်ကြဉ်ပါ။
  • လိင်ဆက်ဆံမှုမှာ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ဆုံးဖြတ်ချက်များကို အလေးထားပေးပါ။
  • ကွီးတို့ရဲ့ လိင်အင်္ဂါနဲ့ လိင်အင်္ဂါတစ်ဝိုက် မူမမှန်မှုတွေ ခံစားနေရလျှင် လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ မပြုလုပ်တာ အကောင်းဆုံးပါပဲ။ ဆရာဝန်နဲ့ သေချာပြသဖို့ လိုပါတယ်။

ကွီးတို့ရေ ရေရှည်မှာ ကြာကြာချစ်နိုင်ဖို့ သို့မဟုတ် အချစ်နဲ့ မကင်းနိုင်ရင် လည်း လုံခြုံဘေးကင်းစေဖို့ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကို လိုက်နာဖို့ လိုပါတယ်။

Source : Better Health Channel

Featured Photo : Prozeny