Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ချစ်နေရုံနဲ့ လုံလောက်ပြီလို့ ထင်ပါသလား။ ဒါဆိုရင်တော့ အဖြေက No လို့ပြောရပါလိမ့်မယ်။ တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက် ချစ်တယ်ဆိုတာဟာ Jigsaw Puzzle တစ်ခုကို ဆက်ရသလိုပါပဲ။ အစိတ်အပိုင်းအသေးလေးတွေ အားလုံးကို တစ်ခုချင်းစီ ဆက်နိုင်မှာသာ သာယာပျော်ရွှင်တဲ့ အချစ်ရေးတစ်ခု ရုပ်လုံးပေါ်လာမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်ရသူနဲ့ သက်ဆုံးတိုင် သာယာပျော်ရွှင်တဲ့ ချစ်ခရီးလမ်းကို လျှောက်လှမ်းသွားနိုင်ဖို့ အချစ်ရေး တစ်ခုမှာ အာရုံစိုက်ရမယ့် အရေးကြီးဆုံး အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေး


Photo : CafeMom.com

အောင်မြင်ပျော်ရွှင်တဲ့ Relationship တစ်ခုကို ပုံဖော်ချင်တယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်ဆံရေးဟာ အခြေခံအုတ်မြစ်လို့ ပြောနိုင်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ ခံစားချက်တွေ ၊ မျှော်လင့်ချက်တွေ ၊ လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖို့ အရေးကြီးပါတယ်။ ပွင့်လင်းမှုရှိတာဟာ ပဋိပက္ခတွေ ဖြစ်လာချိန်မှာတောင် ပဋိပက္ခတွေကို ဖြေရှင်းဖို့နဲ့ နှောင်ကြိုးတွေကို ခိုင်မာစေဖို့ အတွက် အသုံးဝင်ပါတယ်။ ပွင့်လင်းမှုမရှိပဲ မြိုသိပ်ဖုံးကွယ်နေပါများရင် နားလည်မှုအလွဲတွေနဲ့ မေးခွန်းထုတ်စရာတွေ များလာပြီး ခါးသီးတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါကြောင့် အချစ်ရေး တစ်ခုမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှု ရှိခြင်းက အလေးထား အာရုံစိုက်ရမယ့် အရေးကြီးဆုံး အချက်တွေထဲကတစ်ခု ဖြစ်ပါတယ်။

(၂) တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု

Photo : Verywell Mind

သေချာပါတယ် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုမရှိတဲ့ အချစ်ရေး တစ်ခုဟာ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလို ဖြစ်နေမှာပါ။ တစ်ချက်လေး ဟန်ချက်ပျက်သွားတာနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး အချိန်မရွေး ပြုတ်ကျသွားနိုင်ပါတယ်။ ယုံကြည်မှုဟာ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးကို တည်တံ့ခိုင်မြဲအောင် ချည်နှောင်ပေးရုံမကပဲ လုံခြုံစိတ်ချမှုနဲ့ တည်ငြိမ်တဲ့ အခြေအနေတစ်ခုကို ဖော်ဆောင်ပေးနိုင်ပါတယ်။ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ယုံကြည်မှုတစ်ခုရဖို့ အချိန်ယူပြီး သေချာတည်ဆောက်ရတာဖြစ်ပေမယ့် ယုံကြည်မှုပျက်စီးသွားဖို့က သိပ်လွယ်တဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုကို အတက်နိုင်ဆုံး မပျောက်ပျက်အောင် စောင့်ထိန်းဖို့ အကြံပြုချင်ပါတယ်။

(၃) သစ္စာစောင့်သိမှု

Photo : Glamour

Relationship တိုင်းအတွက် သစ္စာတရားဟာ သိပ်ကို အရေးပါပါတယ်။ ကိုယ့်ချစ်သူအပေါ်သစ္စာရှိတာဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးထားမှုကို ရည်ညွှန်းဖော်ပြနေခြင်းလည်း ဖြစ်ပါတယ်။ အခုခေတ်လို သစ္စာတရားတွေ ပျက်ပြားလာနေတဲ့ လူ့ဘောင်အဖွဲ့အစည်းထဲမှာ သစ္စာ စောင့်သိမှုအပြည့်ရှိတဲ့ လက်တွဲဖော်ကို ပိုင်ဆိုင်ခွင့်ရထားတာဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားတစ်ယောက်အဖြစ် လက်မထောင်နိုင်မှာပဲ ဖြစ်ပါတယ်။

(၄) အပေးအယူ မျှတမှု

Photo : Thought Catalog

အချစ်ဟာ ပေးဆပ်ခြင်းလား ၊ ရယူခြင်းလားဆိုတာ အခုထိ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။ သေချာတာကတော့ လူတစ်ယောက်ကို ချစ်ပြီဆိုရင် အပေးအယူ မျှမျှတတနဲ့ အရိုးရှင်းဆုံး လူသားဆန်စွာ ချစ်တက်ဖို့ပဲ လိုပါတယ်။ အောင်မြင်ပျော်ရွှင်နေတဲ့ ချစ်သူစုံတွဲတိုင်းဟာ နှစ်ဦးစလုံးမှာ မျှတတဲ့ အပေးအယူ ညီမျှမှုတွေ ရှိကြပါတယ်။ ဥပမာ ကိုယ့်အတွက်သူရှိသလို ၊ သူ့အတွက်လည်း ကိုယ်ရှိရမယ်။ ကိုယ့် ခံစားချက်တွေက အရေးပါသလို ၊ သူ့ခံစားချက်တွေကလည်း အရေးကြီးတယ် စသည်ဖြင့် အပေးအယူ မျှတမှုရှိတဲ့ ဖော်မြူလာကို လက်ကိုင်ထားမယ်ဆိုရင် ကွီးတို့ရဲ့ အချစ်ရေး ဟာ ကျန်းမာပျော်ရွှင်မှုအပြည့်နဲ့ ရေရှည် လက်တွဲသွားနိုင်မှာပဲ ဖြစ်ပါတယ်။

(၅) စိတ်ပိုင်းဆိုင်ရာ ဖေးမမှု

Photo : Parade

ယောကျာ်းလေးဖြစ်ဖြစ် ၊ မိန်းကလေးဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုတွေ ကိုယ်စီရှိကြပါတယ်။ ဒီဘက်ခေတ်မှာဆိုရင် ကျား/မ မရွေး ၊ အသက်အရွယ် အပိုင်းအခြားမရွေး လူတိုင်းလိုလို စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ များစွာကြုံနေရတာပါ။ အချစ်ရေး တစ်ခုမှာ အာရုံစိုက်ရမယ့် အရေးကြီးဆုံးအချက်တွေထဲမှာ ကိုယ့်ရဲ့ လက်တွဲဖော်ရဲ့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို အမြဲနားစွင့်နေဖို့လည်း ပါပါတယ်။ ကိုယ့်ချစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ နားထောင်ပေးဖို့ ၊ ဆွေးနွေးနှစ်သိမ့်ဖို့ ၊ အကောင်းဆုံးအဖြေတစ်ခုထွက်အောင် နည်းလမ်းရှာဖို့က ချစ်သူတိုင်းမှာ တာဝန်ရှိပါတယ်။ ရင်တွင်းခံစားချက်တွေ ဖလှယ်တာ ၊ အဆင်မပြေမှုတွေ အတူတကွ မျှဝေခံစားတာဟာ ချစ်သူနှစ်ဦးရဲ့ ရင်းနှီးမှုကိုတိုးစေပြီး ခိုင်မာတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့ အလိုအပ်ဆုံး အချက်တစ်ခုဖြစ်ပါတယ်။

(၆) ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသမှု

Photo : Dr Carol Ministries

ချစ်တယ်ဆိုတာ ရင်ထဲရှိနေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ချစ်သူ လက်တွဲဖော်သိအောင် ရင်ထဲကအချစ်တွေကို ထုတ်ဖော်ပြသဖို့ လိုအပ်ပါတယ်။ သူမဟာ ကိုယ့်ဘဝအတွက် အရေးပါဆုံးလူတစ်ယောက် ၊ သူမကြောင့် ကွီးတို့ဘဝက ဘယ်လောက်အထိ ထူးခြားမှုတွေ ဖြစ်စေတယ် ၊ သူမအပေါ် ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းတွေ မကြာမကြာ ပြောပြပေးသင့်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူနဲ့အတူတူ အထူးခြားဆုံး အခိုက်အတန့်တွေကို ဖန်တီးပါ။ နှစ်ဦးသားအတွက် သီးသန့် အချိန်လေးတွေ ထားရှိပါ။ အတူတူ ရယ်မောပါ။ ကြည်နူးပျော်ရွှင်ဖွယ်ရာအမှတ် တရကောင်းတွေ ဖန်တီးပါ။ ဒါတွေဟာ အချစ်ရေး တစ်ခုမှာ မရှိမဖြစ်အရေးပါတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

Featured Photo : Glamour