အားကစားလောကဟာ ထိပ်တန်းဝင်ငွေရတဲ့ စီးပွားရေးတစ်ခုဆိုတာ ယုံမှားစရာ မရှိပါဘူး။ နာမည်ကျော် အားကစားသမားတွေရဲ့ တစ်နှစ်လုပ်ခ လစာဟာ ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတွေ ရဲ့ အမှုဆောင်အရာရှိချုပ် CEO တွေ ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ ဥက္ကဌ ဆိုသူတွေထက်တောင် ပိုမြင့်နေတတ်ပါတယ်။ အားကစားတွေထဲမှာ လူတွေ စိတ်ဝင်စားမှု အမြင့်ဆုံးက ဘောလုံး ဖြစ်ပါတယ်။ ဘောလုံးလောကမှာကိုပဲ Premier League ၊ Serie A ၊ Bundesliga ၊ LaLiga ၊ Ligue 1 စတဲ့ လိဂ်တန်းတွေက အသင်းတွေက ဘောလုံးချစ်သူတိုင်း စိတ်ဝင်တစား အားပေးကြတဲ့ လိဂ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘောလုံးလောကရဲ့ အချမ်းသာဆုံး အသင်းတွေဟာ ဘောလုံး ဝါသနာအိုးတွေ စိတ်ဝင်စားမှု အမြင့်ဆုံး လိဂ်တန်းက အသင်း တွေ ဖြစ်နေတာပါ။

Champions

Photo : sportsdias

ဒီနှစ်အတွက် အချမ်းသာဆုံး ဘောလုံးအသင်းတွေကို လေ့လာပြုစုတဲ့ Deloitte အစီရင်ခံစာမှာတော့ ပရီးမီးယားလိဂ် အသင်း တစ်သင်းဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းက ဝင်ငွေမြင့်ဆုံးနဲ့ ၂၀၂၂ ခုနှစ်ရဲ့ အချမ်းသာဆုံး အသင်းအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။ Deloitte 2022 Football Money League ရဲ့ အဆင့်သတ်မှတ်ချက်ဟာ အသင်းအလိုက် Revenue လို့ ခေါ်တဲ့ ဝင်ငွေအမြင့်ဆုံး နဲ့ တိုင်းတာပါတယ်။

၂၀၂၂ မတ်လအထိ ရတဲ့ အချက်အလက်တွေကလည်း ဥရောပအခြေစိုက် ဘောလုံးကလပ် အသင်းတွေကို လေ့လာခဲ့တာပါ။ Deloitte 2022 Football Money League မှာ ဝင်ငွေအမြင့်ဆုံး အသင်း ၂၀ ပါဝင်ပြီး တစ်သင်းချင်း ပျမ်းမျှအားဖြင့် ဝင်ငွေ ယူရို ၄၀၉ သန်း (ပေါင် သန်း ၃၄၀ / ဒေါ်လာ သန်း ၄၅၀) ရခဲ့ပြီး ဒါဟာ ၂၀၁၉ -၂၀၂၀ ရာသီထက် အနည်းငယ် ပိုမြင့်တက်လာခဲ့တာလို့ ဖော်ပြနေပါတယ်။

Deloitte 2022 Football Money League အစီရင်ခံစာထဲမှာ ပါတဲ့ အချမ်းသာဆုံး ကလပ်အသင်း ၂၀ ရဲ့ ဝင်ငွေဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးကြောင့် ဝင်ငွေ ယူရို ၂ ဘီလျံ ( စတာလင်ပေါင် ၁.၇ ဘီလျံ / ဒေါ်လာ ၂.၂ ဘီလျံ) ရဖို့ လွဲချော်ခဲ့တယ်လို့ ဆိုပါတယ်။ ကိုဗစ်ကပ်ဘေးအတွင်းမှာ ကွင်းအတွင်း ပရိသတ်အားပေးခွင့် မရခဲ့တာတွေ ၊ မကန်ဖြစ်တဲ့ ပွဲတွေ ကြောင့် ဝင်ငွေတွေ နစ်နာခဲ့ရတာပါ။

၂၀၂၁ ခုနှစ်အတွက် ဘာစီလိုနာအသင်းဟာ ကမ္ဘာ့ အချမ်းသာဆုံး ဘောလုံး ကလပ်အသင်း ဖြစ်ခဲ့ပေမယ့် ၂၀၂၂ မှာတော့ မန်ချက်စတာ စီးတီးအသင်းက ဝင်ငွေ ယူရို ၆၄၄.၉ သန်း (‌ ပေါင် ၅၃၇ သန်း / ဒေါ်လာ ၇၀၉ သန်း) နဲ့ အချမ်းသာဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဘာစီလိုနာ အသင်း ကတော့ ပြိုင်ဘက် ရီးရဲလ် မက်ဒရစ်အသင်း နဲ့ ဘွန်ဒက်စ်လီဂါက ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ နောက် စတုတ္ထအချမ်းသာဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။

money

Photo: vbetnews

ဘောလုံး အသင်း ဝင်ငွေတွေကို ရုပ်သံလွှင့်ခ ၊ ပွဲအတွင်းဝင်ငွေ ၊ ကြော်ငြာ စပွန်ဆာ စတဲ့ အချက်အလက်တွေနဲ့ ထည့်သွင်း တွက်ချက်ပါတယ်။ Deloitte 2022 Football Money League အချမ်းသာဆုံး‌ အသင်း ၂၀ မှာ ပရီးမီးယားလိဂ်အသင်း ၁၁ သင်း ပါနေပြီး ပြင်သစ် လီဂူးကလပ်က PSG တစ်သင်းပဲ ပါပြီး ဂျာမန် ၊ အီတလီက နှစ်သင်းစီ ပါပါတယ်။ Deloitte 2022 Football Money League ရဲ့ အချမ်းသာဆုံး အသင်း ၂၀ စာရင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

(၂၀) Aston Villa (Premier League) €207.3m
(၁၉) FC Zenit (Russian Premier League) €212.0m
(၁၈) Everton (Premier League) €218.1m
(၁၇) Wolverhampton Wanderers (Premier League) €219.2m
(၁၆) West Ham United (Premier League) €221.5m
(၁၅) Leicester City (Premier League) €255.5m
(၁၄) Inter Milan (Serie A) €330.9m
(၁၃) Atletico Madrid (LaLiga ) €332.8m
(၁၂) Borussia Dortmund (Bundesliga ) €337.6m
(၁၁) Arsenal (Premier League) €366.5m
(၁၀) Tottenham (Premier League) €406.2m
(၉) Juventus (Serie A) €433.5m
(၈) Chelsea (Premier League) €493.1m
(၇) Liverpool (Premier League) €550.4m
(၆) Paris Saint-Germain (Ligue 1) €556.2m
(၅) Manchester United (Premier League) €558.0m
(၄) Barcelona (LaLiga) €582.1m
(၃) Bayern Munich (Bundesliga) €611.4m
(၂) Real Madrid (LaLiga) €640.7m
(၁) Manchester City (Premier League) €644.9m

Featured Photo : footballtransfers