ယနေ့ခေတ်လို ပွင့်လင်း မြင်သာနေတဲ့ ခေတ်ကြီးထဲမှာ သမီးရည်းစားများအကြား ချစ်တင်းနှောခြင်းသည် အထူးတလည် ထူးဆန်းနေတဲ့ ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။ ဒါပေမဲ့ ရှေးရိုးစွဲတဲ့ စုံတွဲအချို့အတွက်ကျတော့ လက်ကလေးကိုင်ဖို့ ပါးလေးကို ခပ်ဖွဖွလေး နမ်းဖို့ကိုတော့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ဒါပေမဲ့ ထိုကဲ့သို့ လက်ကိုင်ဖို့ကိုပင် အချိန်အကြာကြီး ယူနေတာကျတော့လည်း စိုးရိမ်စရာပါပဲ။ အချို့စုံတွဲများကလည်း ကိုယ့်ရဲ့ ချစ်သူနဲ့ ဘယ် အချိန် မှာ ချစ်တင်းနှော သင့်သလဲဆိုတာကို သေသေချာချာ မသိကြသေးပါဘူး။
ထိုကဲ့သို့ ကိုယ့်ရဲ့ ရှော်တီလေးနဲ့ ဘယ် အချိန် မှာ စပြီး ချစ်တင်းနှော သင့်သလဲဆိုတာကို မသိကြတဲ့ ကွီးတို့အတွက် အခုဖော်ပြပေးမယ့် ဆောင်းပါးလေးက ကူညီပေးပါလိမ့်မယ်။
အခုဆက်လက်ဖော်ပြပေးမယ့် အချက်များကတော့ စုံတွဲအချို့ကို စစ်တမ်းကောက်ယူထားပြီး သုတေသနပြုလုပ်ထားတဲ့ အချက်များပဲဖြစ်ပါတယ်။
ပထမရွေးချယ်စရာ
စိတ်ပညာ အထူးကုဆရာဝန် Barton Goldsmith ရဲ့ ပြောကြားချက်အရ စုံတွဲတစ်တွဲအနေနဲ့ ၁၂ နာရီလောက် အတူတူ အချိန်ကုန်ဆုံးပြီးသွားတဲ့အခါ ထိုစုံတွဲသည် အတူတူ ချစ်တင်းနှောဖို့အတွက် အဆင်သင့်ဖြစ်နေကြပြီလို့ ဆိုနိုင်ပါတယ်။ တစ်ပတ်လောက် အတူတူ အချိန်ကုန်ဆုံးပြီးသွားတဲ့အခါ တစ်ယောက်အကြောင်း တစ်ယောက် သိသင့်သလောက် သိပြီးသွားပါပြီ။ အချိန် ၁၂ နာရီလောက်ကို ဆက်တိုက် အတူတူ ရှိနေရမယ်လို့မ ဆိုလိုပါဘူး။ ညစာ အတူတူစားလိုက်တာမျိုး၊ ဒါမှမဟုတ် ပိတ်ရက်တွေမှာ ရုပ်ရှင်အတူတူ သွားကြည့်တာမျိုး စသည်ဖြင့် အတူတူ ချိန်းတွေ့ကြရင်း ၁၂ နာရီလောက် ပြည့်သွားတဲ့အခါမှာတော့ စုံတွဲတစ်တွဲအနေနဲ့ ရှေ့တစ်လှမ်းတိုးလို့ရပြီလို့ ဆိုနိုင်ပါတယ်။
၂၀၁၇ ခုနှစ်က ဖင်လန်တက္ကသိုလ်မှာ ပြုလုပ်တဲ့ လေ့လာချက်အရ သမီးရည်းစားသက်တမ်း အကြာကြီး ရှိထားတဲ့ စုံတွဲများသည် လောလောလတ်လတ် ပူပူနွေးနွေး ရည်းစားဖြစ်ထားတဲ့ စုံတွဲများထက် လိင်စိတ်တောင့်တမှု လျော့နည်းကြတယ်လို့ သိရှိရပါတယ်။
ရွေးချယ်စရာ နံပါတ် (၂)
နောက်ထပ် ရွေးချယ်စရာတစ်ခုကတော့ လအနည်းငယ် ကြာသည်အထိ စောင့်ဆိုင်းခြင်းပဲဖြစ်ပါတယ်။ အနည်းဆုံး ၃ လလောက် စောင့်ဆိုင်းပြီးမှ ချစ်တင်းနှောမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြားက စိတ်ခံစားချက်အမှန်ကိုလည်း သိရှိနိုင်ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့လည်း တွန်းအားဖြစ်စေတယ်လို့ ဆိုပါတယ်။ အချို့စုံတွဲတွေက ပူပူနွေးနွေး ရည်းစားဖြစ်ထားချိန်မှာ တစ်ယောက်ကို တစ်ယောက် အရူးအမူး ဖြစ်နေကြပြီး အမှန် အမှားရယ်လို့ မဆုံးဖြတ်တတ်ကြတော့ပါဘူး။ ဒါ့ကြောင့်မို့လို့ ၃ လ ကြာအောင် စောင့်ဆိုင်းပြီးမှ ချစ်တင်းနှောမယ်ဆိုရင်လည်း နောက်မကျသေးပါဘူးလို့ Coleman က ပြောကြားထားပါတယ်။ Goldsmith ကတော့ Coleman ရဲ့ အကြံပြုချက်ကို သဘောမတူပါဘူး။ ၃ လလောက် စောင့်ဆိုင်းမယ်ဆိုရင် နောက်ကျသွားလိမ့်မယ်လို့ ပြောကြားထားပါတယ်။
နောက်ဆုံး ရွေးချယ်စရာ
ဘာသာရေး ထုံးတမ်းများ၊ ယဥ်ကျေးမှု ဓလေ့များကို လိုက်နာချင်တဲ့သူတွေကတော့ လက်မထပ်ရသေးဘဲနဲ့ ချစ်တင်းနှောခြင်းကို ကန့်ကွက်ထားကြပါတယ်။ တစ်ယောက်အကြောင်းကို တစ်ယောက် နှိုက်နှိုက်ချွတ်ချွတ်သိပြီး လက်ထပ်ပြီးခါမှ ချစ်တင်းနှောခြင်းအားဖြင့် သူတို့ရဲ့ လူပျိုဘဝ၊ အပျိုစင်ဘဝကို ထိန်းသိမ်းထားတတ်ကြပါတယ်။ ကွီးတို့လည်း လက်ထပ်ပြီးမှ ချစ်တင်းနှောဖို့အတွက် အကြံရှိတယ်ဆိုရင်တော့ ဒီနည်းလမ်းက အကောင်းဆုံးပါပဲ။
ဘယ်ရွေးချယ်စရာကို ရွေးချယ်မလဲဆိုတာကတော့ ကွီးတို့ သမီးရည်းစား နှစ်ယောက်ကြား ညှိနှိုင်းရမယ့် ကိစ္စရပ်ပဲဖြစ်ပါတယ်။ အကောင်းဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် အတင်းအကြပ် လုပ်ယူတာမျိုးမဟုတ်ဘဲ ဖြစ်လာမယ့်အရာအတွက် ကြိုတင်ပြင်ဆင်ထားတဲ့အချက်များရှိမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
ကွီးတို့ရော ဘယ်ရွေးချယ်စရာကို ရွေးချယ်မှာပါလဲ။
Source: Businessinsider
Featured Image: Freepik