လီဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ အင်္ဂါနေ့ ညက အန်းဖီးမှာ အင်တာမီလန်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ဒုတိယအကျော့ပွဲစဉ်က ၎င်းရဲ့ စိတ်ပျက်စရာစွမ်းဆောင်ရည်ကြောင့် ဒေါသထွက်ခဲ့ပါတယ်။
Photo: Bola Okezone
အီဂျစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ယခုရာသီ ဥရောပမှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာ ငြင်းစရာမရှိပေမယ့် အင်တာမီလန်နဲ့ပွဲမှာ ရွှေရောင်အခွင့်အရေးတွေ အများအပြားကို လွဲချော်ခဲ့တဲ့ အပြစ်တော့ ရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ အင်တာမီလန်နဲ့ကစားခဲ့တဲ့ ဒုတိယအကျော့ အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း ပထမအကျော့က အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိထားတာကြောင့် ၂ ကျော့ပေါင်း ၂-၁ နဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။
မိုဟာမက် ဆာလားဟာ အင်တာမီလန်နဲ့ပွဲမှာ အပိုင်ဂိုးသွင်းခွင့်တွေ အများအပြား ရရှိခဲ့ပေမယ့်လည်း ဂိုးတိုင်ကို ၂ ကြိမ်အထိ ကန်မိခဲ့တာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်က ပွဲအပြီးမှာ ၎င်းရဲ့ သာမန်အောက်ကျနေတဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်နဲ့ တိုးတက်အောင် အာရုံစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Photo: Liverpooloffside
“နိုင်ပွဲရဖို့က အမြဲတမ်း အရေးပါပါတယ်။ ဒါပေမယ့် ဒီနေ့ညလိုမျိုး တိုင် ၂ ကြိမ်ထိတာ၊ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် လွဲချော်တာမျိုးက ဘောလုံးမှာ ဖြစ်တတ်ပါတယ်။ ကောင်းတဲ့အရာကတော့ ကျွန်တော်တို့ နောက်တဆင့် တက်နိုင်ခဲ့တာပါ။ ကျွန်တော် ဂိုးတိုင်ကို အကြိမ်တော်တော်များများ ကန်မိခဲ့တယ်။ လာမယ့်ပွဲကျရင် ကျွန်တော် ၃ ဂိုးသွင်းကောင်း သွင်းနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အရေးအကြီးဆုံးအရာက အသင်းလိုက် စွမ်းဆောင်နိုင်ဖို့နဲ့ နောက်တဆင့် တက်ရောက်နိုင်ဖို့ပဲ”လို့ ပြောကြားခဲ့ပါတယ်။
မိုဟာမက် ဆာလားဟာ ယခုရာသီမှာ လီဗာပူးလ်အသင်းအတွက် မယုံနိုင်ဖွယ် ခြေစွမ်းကောင်း ပြသနေခဲ့တဲ့ ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၃၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၂၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။
Featured Photo: Sportskeeda