မေဆင် ဂရင်းဝုဒ် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် နည်းပြ ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်း လူစာရင်းမှာ ပါဝင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သားဟာ ဒီရာသီမှာ ဂီတာဖေးကို အငှားနဲ့ သွားရောက် ခြေစွမ်းပြ ကစားနေတာပါ။

Mason Greenwood

Photo : Daily Express

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ယခုလာမယ့်နွေရာသီမှာ တောင်ပံကစားသမားကို အပြီးသတ်ရောင်းထုတ် ဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လာလီဂါထိပ်သီး ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

ဒီထဲမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ဂရင်းဝုဒ် ကို ခေါ်ယူဖို့ ဖြစ်နိုင်ခြေ အရှိဆုံး အသင်းတစ်သင်း ဖြစ်နေပြီး လက်ရှိ သရဲနီတို့ အလိုရှိနေတဲ့ ဈေးနှုန်းပေါင်သန်း ၅၀ ကို လျှော့ချညှိနှိုင်း နိုင်မယ်ဆိုရင်တော့ ခေါ်ယူဖြစ်ဖို့ အလားအလား များနေတာပဲ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ရဲ့ နိုင်ငံတကာကစားသမားဘဝ အနာဂတ်ဟာလည်း ယခုနှစ်နှောင်ပိုင်းမှာ အပြောင်းအလဲရှိလာနိုင်ပေမယ့် နည်းပြ ဂါရတ်ဆောက်ဂိတ်ကတော့ အခုနွေရာသီမှာ ကျင်းပမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်း လူစာရင်းမှာ ဂရင်းဝုဒ် ကို ထည့်သွင်းစဉ်းစားသွားမှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

Mason Greenwood

Photo : Football Espana

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ နည်းပြဆောက်ဂိတ်ဟာ ဂရင်းဝုဒ်ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ကနေစတင်ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာ ထည့်သွင်းဖို့ အခွင့်အရေးပေးခဲ့ပေမယ့် စက်တင်ဘာလက စတင်ကာ အင်္ဂလန်သားကို အသင်းရဲ့ လူစာရင်းကနေ ဖယ်ထုတ်ထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဆောက်ဂိတ် ကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဂရင်းဝုဒ် ကို ပြန်လည်ခေါ်ယူမယ်ဆိုရင် အသင်းအတွက် အဓိကအနှောက်အယှက် ဖြစ်လာလိမ့်မယ်လို့ ဆိုထားပြီး လက်ရှိအချိန်မှာ ခြင်္သေ့သုံးကောင် နည်းပြအတွက် နောက်ထပ်ရွေးချယ်စရာတွေ အများကြီး ကျန်ရှိနေသေးတာပဲ ဖြစ်ပါတယ်။

Featured Photo : The Sun