လူတိုင်းလူတိုင်း ဘဝသက်တမ်းတလျောက်လုံးမှာ ဝမ်းစာဖူလုံရေးနဲ့ လူတန်းစေ့နေထိုင်နိုင်ရေးအတွက် အလုပ်တွေကြိုစားရုန်းကန်ရင်းနဲ့ပဲ နေ့ရက်တွေကို ရှင်သန်ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဝမှာဝါသနာပါတဲ့ အရာလေးတွေတောင် မလုပ်လိုက်ရပဲ ငွေရှာရင်း သေဆုံးသွားရမယ်ဆိုရင်တော့ လူဖြစ်ရကျိုးမနပ်ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ အမေရိကန်လူမျိုးအများစုဟာ အသက် ၆၀ ကျော်လွန်လာချိန်မှာ များပြားလှတဲ့ အလုပ်တာဝန်တွေ ၊ လှုပ်ရှားရုန်းကန်ရမှုတွေကနေ ထာဝရအနားယူပြီး ဝါသနာပါတဲ့ အရာတွေနဲ့ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းလေ့ ရှိကြပါတယ်။ ဒီလိုအသက်ကြီးလာချိန်မှာ ဝါသနာအတွက်အချိန်ပေးပြီး ဘဝကိုအေးချမ်းစွာ နေထိုင်သွားဖို့ စိတ်ကူးရှိသူတွေအတွက် အငြိမ်းစား ယူပြီးနောက်မှာ သွားရောက်နေထိုင်သင့်တဲ့ အမေရိကန် နိုင်ငံတွင်းက မြို့ ၅ မြို့အကြောင်း မျှဝေပေးချင်ပါတယ်။

(၁) Huntsville, Alabama

Photo : AME Church

Huntsville မြို့ ဟာ နေထိုင်စရိတ် သက်သာပြီး အသက် ၆၅ နှစ်နဲ့အထက် အငြိမ်းစားယူထား သူတွေအနေနဲ့ နိုင်ငံတော်အခွန် ကင်းလွှတ်ခွင့်ပေးထားပါတယ်။ ဒီမြို့လေးဟာ ခေတ်မီတိုးတက်ပြီး ရာသီဥတုသာယာတဲ့ မြို့လေးတစ်မြို့လည်း ဖြစ်တာကြောင့် ငါးဖမ်းခြင်း ၊ တောင်းတက်ခြင်း ကဲ့သို့ အပန်းဖြေလှုပ်ရှားမှုများစွာ ပြုလုပ်ဖို့ အကောင်းဆုံးဖြစ်ပြီး အသက်ကြီးလာချိန်မှာ သွားရောက်နေထိုင်သင့်တဲ့ မြို့တွေထဲက တစ်မြို့ဖြစ်ပါတယ်။

(၂) Milford, Delaware

Photo : Delmarva Back Roads

Milford မြို့ဟာ တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းတဲ့ကုန်းတွင်းပိုင်း မြို့ ငယ်လေး တစ်မြို့ဖြစ်ပါတယ်။ အငြိမ်းစား ယူပြီးချိန်မှာ အေးအေးချမ်းချမ်းဘဝကို နေထိုင်သွားချင်တွေအတွက် အသင့်တော်ဆုံးပါပဲ။ နေထိုင်စရိတ်သက်သာ သလို သက်ကြီးရွယ်အိုတွေအတွက် အခွန်ကင်းလွှတ်ခွင့်နဲ့ အကျိုးခံစားခွင့်များစွာလည်း ရှိပါတယ်။

(၃) Cape Coral, Florida

Photo : CoralVilla

တစ်နှစ်တာလုံး နေရောင်ခြည်လွှမ်းခြုံထားတဲ့ Cape Coral မြို့လေးဟာ ဂေါက်သီးရိုက်ဝါသနာရှင်တွေနဲ့ ကမ်းခြေချစ်သူတွေ အကြိုက်တွေ့စေမယ့် မြို့ လေး တစ်မြို့ဖြစ်ပါတယ်။ မြို့နေလူဦးရေရဲ့ ၂၆.၃ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်နဲ့အထက် ဖြစ်ကြပြီး နေထိုင်စရိတ်သက်သာသလို အေးချမ်းတဲ့ မြို့တစ်မြို့ဖြစ်တာကြောင့် ၂၀၁၈ ခုနှစ်မှာ လူအများပြောင်းရွေ့နေထိုင်ဖို့ အကောင်းဆုံး မြို့ ၂၅ မြို့မှာ ဒုတိယနေရာ ရရှိခဲ့ပါတယ်။

(၄) Bella Visa, Arkansas

Photo : Wikipedia

Ozark တောင်ခြေမှာတည်ရှိတဲ့ Bella Vista အပန်းဖြေစခန်း မြို့လေးဟာ နေထိုင်စရိတ်သက်သာပြီး သာယာတဲ့ ရှု့မျော်ခင်းတွေပေါတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။ အငြိမ်းစား ယူပြီးချိန်မှာ စိတ်သစ်လူသစ်နဲ့ ဘဝသစ်တစ်ခု စတင်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ U.S. News & World Report ရဲ့အဆိုအရ Bella Vista မြို့ဟာ အငြိမ်းစားယူထားသူတွေ နေထိုင်ဖို့အတွက် ကျန်းမာတဲ့ လူနေမှုပုံစံတွေနဲ့ လိုက်လျောညီထွေရှိတဲ့အကောင်းဆုံး ထိပ်တန်း မြို့ ၁၀ မြို့မှာ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

(၅) Bethlehem, Pennsylvania

Photo : Travel Lens

Bethlehem မြို့လေးဟာ Philadelphia မြို့ ရဲ့ မြောက်ဘက် ၇၅ မိုင်ခန့်အကွာမှာ တည်ရှိပါတယ်။ နေထိုင်စရိတ်သက်သာမှု ၊ ဘေးကင်းလုံခြုံမှု ၊ စီးပွားရေး တည်ငြိမ်မှု ၊ ဆိတ်ငြိမ်အေးချမ်းမှုစတဲ့ အချက်တွေကြောင့် အနားယူအပန်းဖြေဖို့ အကောင်းဆုံး မြို့ငယ်လေး တစ်မြို့အဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။ ဒါ့အပြင် ဒီမြို့လေးဟာ အငြိမ်းစား ယူထားသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် လူမှုဖူလုံရေးနဲ့ ပင်စင်လစာအတွက် အခွန်ကင်းလွတ်ခွင့်လည်း ပေးထားပါတယ်။

Featured Photo : CoralVilla