အစားစားရတာ မကြိုက်တဲ့သူတော့ ရှိမယ်မထင်ပါဘူး။ အရသာရှိတဲ့ အစားအစာတွေ စားရတာ ဘဝရဲ့ ပျော်ရွှင်မှုတစ်ခုဆိုလည်း မမှားပါဘူး။ သို့သော်လည်း မိမိရဲ့ ခန္ဓာကိုယ်ထဲကို ထည့်တဲ့အစားအစာတွေက ကျန်းမာရေးနဲ့ ညီညွတ်ဖို့တော့ လိုပါတယ်။ ကျွန်တော်တို့ စားတဲ့ အစားအစာတွေက ကျွန်တော်တို့ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များ ၊ ပရိုတင်းများနှင့် အမျှင်ဓာတ်များကနေ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် စွမ်းအင်ကို ပေးစွမ်းပါတယ်။ ဒါ့အပြင် ကိုယ်တွင်းအင်္ဂါများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရာမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်က ကျွန်တော်တို့အသက်ရှင် နေထိုင်နိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ အကြောင်းအမျိုးမျိုးကြောင့် အစာအိမ်မကျန်းမာရင် မိမိစားချင်တာ မစားရရုံတင်မဟုတ်ဘဲ နောက်ဆက်တွဲ ခံစားရတာတွေကလည်း တကယ်ကို မလွယ်ပါဘူး။ ဒါကြောင့် အစာအိမ် ကျန်းမာရေးကို ပေါ့ပေါ့လေး သဘောမထားဘဲ တတ်နိုင်သလောက် ဆင်ခြင်သင့်ပါတယ်။
ဒီနေ့မှာတော့ ကွီးတို့အတွက် အစာအိမ် အစဉ်အမြဲ ကျန်းမာနေစေဖို့ လိုက်နာရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။
အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများကို အလေးထားစားခြင်း
Photo : Runner’s World
အမျှင်ဓာတ် ကြွယ်ဝသော အစားအစာများကို များများစားသုံးခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေရန် အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ၊ ပဲများနှင့် အစေ့အဆန်များ ပါဝင်ရပါမယ်။ တကယ်တော့ ၊ ပုံမှန်အစာခြေခြင်း လုပ်ငန်းစဉ်ကို ချောမွေ့စွာလည်ပတ်စေရန် ၊ ဝမ်းချုပ်ခြင်းမှ ကာကွယ်ရန်နှင့် ကိုယ်အလေးချိန်ကို တည်ငြိမ်အောင်ထိန်းထားရန် ဒီအစားအစာတွေက ကျွန်တော်တို့ရဲ့ နေ့စဉ်စားသောက်မှုမှာ လိုအပ်ပါတယ်။
ရေများများသောက်ပါ
Photo : Runtastic
အစာအိမ် ကျန်းမာရေး နဲ့ သန့်ရှင်းစေဖို့အတွက် ရေများများသောက်ဖို့ လိုပါတယ်။ လူအများစုအနေနဲ့ အချိန်ကြာကြာနေပြီးမှ ရေအနည်းငယ်သောက်တဲ့ အလေ့အထ ရှိကြပါတယ်။ ဆေးပညာရှင်များက တစ်နေ့လျှင် အနည်းဆုံးရေ ၈ ခွက်မှ ၁၀ ခွက်အထိသောက်ရန် လိုအပ်ကြောင်း ပြောကြပါတယ်။ ရေနည်းနည်းသောက်တာက အစာအိမ်က ရေဓာတ်ခမ်းခြောက်စေပြီး အစာခြေစနစ်ကို ထိခိုက်စေတယ်။ ရေများများသောက်ခြင်းက အဆိပ်အတောက်တွေ များများထွက်လာစေပြီး ဆီးများများ ထွက်စေပါတယ်။ ရေများများသောက်ခြင်းက အစာအိမ်ကျန်းမာသန့်ရှင်းစေရန်အတွက် လိုက်နာသင့်တဲ့ အကြံပြုချက် တစ်ခုဖြစ်ပါတယ်။
အစာကို သေသေချာချာ ဝါးစားပါ
Photo : The Time of India
တစ်ခါတစ်လေ အချိန်မရှိလို့ဖြစ်စေ အစားကို သေချာမဝါးဘဲ မြန်မြန်စားမိတတ်ပါတယ်။ အစားအသောက်ကို အမြန်စားခြင်းက အစာကြေဖို့အတွက် ခက်ပါလိမ့်မယ်။ ကျန်းမာသော အစာအိမ်ဖြစ်စေဖို့အတွက် သေသေချာချာဝါးစားဖို့ လိုပါတယ်။ ကျေညက်စွာစားသုံးခြင်းက ဇီဝဖြစ်ပျက်မှုကို အားကောင်းစေပါတယ်။ ဒါ့အပြင် အသီးအရွက်များ များများ စားသုံးခြင်းကလဲ အစာအိမ် ကျန်းမာရေးကို အထောက်အကူ ပြုစေပါတယ်။
အစားမစားဘဲ မနေပါနဲ့
Photo : European Denture Center
ကွီးတို့အနေနဲ့ အလုပ်ရှုပ်သောနေ့တွေမှာ သတ်မှတ်အချိန်အတွင်း အစားအစာများကို စားသောက်ဖို့ အချိန်မရှိတာ ၊ အခြေအနေမပေးတာရှိတတ်ပါတယ်။ အစာမစားတာမျိုး သို့မဟုတ် ပုံမှန်မဟုတ်သော စားသောက်မှုတွေက အစာအိမ် အချဉ်ပေါက်တာ ၊ ရောင်တာနဲ့ အခြားအစာအိမ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားစေတတ်ပါတယ်။ အစာအိမ် သန့်ရှင်းကျန်းမာနေစေဖို့အတွက် အစားစားချိန်မလွန်စေဘဲ အစားအစာများကို သေချာစားသောက်ဖို့ အကြံပေးလိုပါတယ်။ တစ်နေ့ကို မနက်စာ ၊ နေ့လည်စာနဲ့ ညစာ သုံးနပ်ကို သေချာစားသုံးပါ။ အချိန်မှန်စားခြင်းက အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အပြင် အဆာလွန်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။
အသင့်စား အစာတွေ များများစားခြင်းကို ရှောင်ပါ
Photo : Misskyra
ဒီနေ့ခေတ်မှာ စားကောင်းစေဖို့ ပြုပြင်ထားတဲ့ အစားအစာတွေ ၊ အသင့်စားအစားအစာတွေကို လွယ်လွယ်ကူကူ ရနိုင်ပါတယ်။ ဒီလို အစားအစာတွေမှာ ပါတဲ့ အမွှေးအကြိုင်နဲ့ ဓါတုပစ္စည်းတွေက ဇီဝဖြစ်ပျက်မှုကို အားနည်းစေပြီး အစာအိမ်ကို ထိခိုက်စေပါတယ်။ အစာအိမ်ကင်ဆာ ဖြစ်ပွားတတ်တဲ့ အဓိက အကြောင်းအရင်းထဲမှာ အသင့်စား အစားအစာများ များစွာ စားသုံးခြင်းလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ အသင့်စား အစားအစာတွေကို ရှောင်ဖို့ လိုပါတယ်။
ကျန်းမာခြင်းက လာဒ်ကြီးတစ်ပါး ဖြစ်တာကြောင့် ကွီးတို့ရဲ့ အစာအိမ် ကျန်းမာရေးကို ဒီနည်းလေးတွေ လိုက်နာပြီး ထိန်းသိမ်းလိုက်ပါ။
Source : Credihealth, Sahyadri
Featured Photo : Inside Hook